မှတ်သားထိုက်သော စကားများ

avatar
(Edited)

အားလုံးသော မိတ်ဆွေအပေါင်း မင်္ဂလာပါ...

အားလုံးသောမိတ်ဆွေများကို တိဗက်ဗုဒ္ဓဘာသာ ယောဂီဆရာကြီးများ၏ ဟောပြောချက်အချို့ကို ဗဟုသုတအလို့ငှာ မျှဝေလိုပါသည်။ ထိုဟောပြောချက်များကို တိဗက်ဗုဒ္ဓဘာသာကျမ်းများတွင်ဖော်ပြထားကြောင်း ဖတ်ဖူး မှတ်ဖူးခဲ့ပါသည်။ ထိုအရာများထဲမှ မှတ်သားဖွယ်ရာ အချို့ကို ထုတ်နှုတ်ဖော်ပြလိုက်ပါသည်။


buddha.png


ဟောပြောချက်စကားများ


၁။ ချီးမွမ်းခြင်းဖြင့် ဝမ်းမမြောက်ခြင်း၊ ကဲ့ရဲ့ပြစ်တင်ခြင်းဖြင့် ဝမ်းမနည်းခြင်း၊ မိမိ၏ ကောင်းမွန်သော စွမ်းရည်သတ္တိများကို ကုန်စင်အောင် စုံလင်စွာ သိရှိခြင်းတို့သည် သူတော်ကောင်း၏ လက္ခဏာများဖြစ်ကုန်သည်။

၂။ သူတော်ကောင်းသည် အဖိုးတန် ကျောက်မျက်ရတနာကဲ့သို့ အစစအရာရာ၌ အခါခပ်သိမ်း မပြောင်းလဲဘဲ တသမတ်တည်း၊ တသန်တည်း ဖြစ်တတ်၏။ လူမိုက်သည်ကား ချိန်ခွင်လက်များကဲ့သို့ မကြာခဏ အထက်နှင့်အောက် ပြောင်းလွဲ၍ နေတတ်သည်။

၃။ စကားများစွာ ပြောဆိုခြင်းသည် ဘေးအန္တရာယ်ဖြစ်ခြင်း၏ အရင်းအမြစ်ဖြစ်၏။ တိတ်ဆိတ်နေခြင်းသည် ဘေးအန္တရာယ်မှ လွတ်ကင်းခြင်း၏ နည်းလမ်းဖြစ်၏။ စကားများသော ကြက်တူရွေးသည် လှောင်အိမ်ထဲတွင် အလှောင်ခံရ၏။ စကားမပြောတတ်သော အခြားသော ငှက်များသည် လွတ်လပ်စွာ ပျံသန်းနေကြရကုန်သည်။

၄။ ကြီးကျယ်သောအလုပ်တစ်ခုကို ပြုလုပ်ရန် စီစဉ်သောအခါ ယုံကြည်အားကိုးရမည့် မိတ်ဆွေကို ရအောင် ကြိုးစားရပေမည်။ တောကိုမီးရှို့လိုပါက လေ၏ အကူအညီကို မုချမသွေ လိုအပ်ပေသည်။

၅။ အသိဉာဏ်မပါဘဲ ကမ္မဌာန်း ဘာဝနာ စီးဖြန်းအားထုတ်ခြင်းသည် ခဏပန်းအကျိုးရှိစေကာမူ အဆုံးသတ် အဟုတ်တကယ် အောင်မြင်ထ‌မြောက်ခြင်းမှ ကင်းဝေးပေလိမ့်မည်။ မည်သူမဆို ရွှေနှင့်ငွေတို့ကို အားလုံးအရည်ပျော်သွားအောင် အရည်ကျိုနိုင်၏။ သို့ရာတွင် မီးငြိမ်းသွားသည်နှင့်တပြိုင်နက် ထိုရွေနှင့်ငွေတို့သည် တဖန်ပြန်၍ ခဲကြပေလိမ့်မည်။

၆။ အာကာသသျှတ္တရဆရာသည် လနှင့်ကြယ်များ၏ သွားလာလှုပ်ရှားခြင်းများနှင့် ပတ်သက်၍ တွက်ချက်ခြင်းများနှင့် ဗေဒင်ဟောပြောခြင်းများကို ပြုလုပ်တတ်၏။ သို့ရာတွင် သူ၏ အိမ်သူအိမ်သားများထဲ၌ မည်ကဲ့သို့ ဖြစ်ပျက်နေသည်ကိုကား သူဘာမျှ မသိပေ။

၇။ လူမိုက်များသည် ရေပေါ်မှ ထကြွလှုပ်ရှားသည့် လှိုင်းများနှင့် တူကုန်၏။ အကြောင်းမှာမူ သူတို့ပြုလုပ်သမျှ အမှုများသည် လျင်မြန်စွာ ပျောက်ကွယ်သွားကြကုန်သောကြောင့်ဖြစ်၏။ သို့ရာတွင် ပညာရှိသူတော်ကောင်းများသည် ကျောက်တုံးပေါ်၌ ထွင်းထုထားသောအရာများနှင့် တူကုန်၏။ အကြောင်းမူကား သူတို့၏ အသေးငယ်ဆုံးသော အပြုအမူသည် ကာလရှည်ကြာစွာ တည်တံ့သောကြောင့် ဖြစ်ပေသည်။

၈။ ပေးကမ်းလှူဒါန်းခြင်းသည် နောင်ဘဝများစွာ သံသရာ၌ စည်းစိမ်ချမ်းသာကို ‌ဖြစ်ပွားစေတတ်၏။ ကာမဂုဏ်မှ ရှောင်ရှားပြီး စင်ကြယ်သန်ံရှင်းခြင်းသည် စိတ်ချမ်းသာခြင်း၏ အရင်းမူလဖြစ်၏။ သည်းခံခြင်းသည် အားလုံးနှင့် သင့်လျော်သည့် အဆင်တန်ဆာဒွါဒရာဖြစ်၏။ ဈာန်သည် မှေးမှိန်မှုံမွှားနေသော စိတ်အားကြည်လင်သန့်စင်စေတတ်၏။ အသိပညာသည် ရန်သူမှန်သမျှကို နှိမ်နင်းအောင်မြင်နိုင်သည့် လက်နက်ဖြစ်ပေသည်။

၉။ ကိုယ့်ကိုယ်ကို အထင်ကြီးနေသောသူနှင့် မငြင်းခုံပါနှင့်။ ကံကောင်းသောသူနှင့် မဖက်ပြိုင်ပါနှင့်။ ရန်ငြိုးထားတတ်သောသူကို မရှုတ်ချပါနှင့်။ တန်ခိုးအာဏာရှိသောသူကို မငြူစူပါနှင့်။

၁၀။ သင်၏မိဘများနှင့် ဘိုးဘွားဘီဘင်များ၏ ထုံးစံဓလေ့ပင်ဖြစ်စေကာမူ ကောင်းသောဓလေ့ထုံးစံဓလေ့ကို လက်ခံပါလေ။ အဆိပ်ကို အမေက ပေးစေကာမူ လက်မခံအပ်ပေ။ ရွှေကိုမူ ရန်သူထံမှပင် ဖြစ်စေကာမူ လက်ခံအပ်ပေသည်။


မှီငြမ်း _ အရှင်ပညိန္ဒာဘိဝံသ၊ ပထမကျော် ဓမ္မာစရိယ ဘီအေရေးသားပြုစုထားသော စင်ကြယ်သော ဗုဒ္ဓဘာသာ


အားလုံးကို လေးစားလျှက် -


@ansoe


ansoe_logo_leo.png



0
0
0.000
6 comments
avatar

မှတ်သားလိုက်နာရမည့် အဖိုးတန် အဆိုအမိန့်​တွေပါ

0
0
0.000
avatar

အဖိုးတန် အမျိုးမှန်တွေမို့ ဈေးပေါနေပါတယ် 😂

0
0
0.000
avatar

နံပတ် ၆ ကို .. သဘောကျတယ်..!PIZZA

0
0
0.000
avatar

ဆာဟင် ခံစားဖူးတယ်ပေါ့ 😆

0
0
0.000
avatar

ဗဟုသုတရပါတယ်။ အားပေးလျက်ပါ

0
0
0.000