Are you Ready

နက်ဖြန် World Cup စပြီ။ နက်ဖြန် ဆိုပေမဲ့ အတိအကျ ပြောရရင် ဒီနေ့ညပေါ့။ ဖွင့်ပွဲက မနက် ၁ နာရီခွဲဆိုတော့။ အဖွင့်ပွဲစဉ် အဖြစ် Mexico vs South Africa တို့ ကစားမည် ဖြစ်၏။ ဒုတိယပွဲစဉ် အဖြစ် မနက် ၈ နာရီခွဲမှာ South Korea vs Czechia တို့ ကစားမည် ဖြစ်၏။ မနက် အစောတွေ ချည်း။ အိမ်ရှင်က သုံးနိုင်ငံ ဆိုတော့ အချိန်တွေက မနက် ညနေ ည သန်းခေါင်ကျော် အချိန်တွေအထိပါ ပါ၏။ အသင်းပေါင်းကလည်း ၄၈ သင်းဆိုဝောာ့ ကြည့်ပါလိမ့်။

ဒီနှစ် ကမ္ဘာ့ဖလားကတော့ ယခင်ဟာတွေထက်စာရင် ပိုကြာပြီး ပိုလည်း အိပ်ရေးပျက်ဦးမယ့် ပုံပင်။ ၄ နှစ်မှ တကြိမ် ဆိုတော့လည်း ပျက်ကြ၊ ကြည့်ကြ‌၊ အားပေး ရုံပေါ့။ ဘယ်အသင်းကြိုက်လည်းဆို ကြိုက်တဲ့အသင်းရယ်လို့ မရှိနေပေ။ ယခင် ကမ္ဘာ့ဖလားတွေတုန်းကတော့ England ကိုသာ အားပေးခဲ့တာများ၏။ EPL ကြောင့် ထင်ပါရဲ့။ ဒီနှစ်တော့ Ronaldo ၏ Portugal ကို အားပေးဖို့ ရွေးထား၏။ Ronaldo ကို ကမ္ဘာ့ဖလား ရစေချင်သောကြောင့် ဖြစ်၏။

ကမ္ဘာ့ဖလားသာ ရလိုက်ရင် Ronaldo ရဲ့ ကစားသမားဘဝက ပြီးပြည့်စုံသွားပြီဟု ပြောလို့ရပြီ။ Messi က ကမ္ဘာ့ဖလား ရပြီးသားမို့ ဒီတနှစ် မရ၊ မယူလည်း ဖြစ်ပြီလေနော့်။ လက်ရှိ ချန်ပီယံလည်း ဟုတ်နေတော့ ဒီနှစ်တော့ သူများ ပေးလိုက်ပေါ့ Argentina ရယ်ဟု တောင်းဆိုရမယ် ထင်ပါရဲ့။ Ronaldo နဲ့ Messi အတွက်တော့ 2026 ကမ္ဘာ့ဖလားက နောက်ဆုံး ကမ္ဘာ့ဖလား ပြိုင်ပွဲ ဖြစ်ပေလိမ့်မည်။ ဘောလုံး လောက၏ အထင်ကရ ကစားသမား နှစ်ယောက်ကို နောက်ဆုံး အားပေးရမယ့် အခွင့်အရေးဖြစ်လေ၏။

ဒီနှစ် ကမ္ဘာ့ဖလားမှာ အသက် 40 နဲ့ အထက် ကစားသမား 8 ယောက်ထိ ပါဝင်သည်ဟု သိရ၏။ အသက် 40 အရွယ်မှာ ကမ္ဘာ့ဖလား ဝင်ရောက် ယှဉ်ပြိုင်ကစားနိုင်နေတာက တကယ်ကို ချီးကျူးစရာပင်။ မော်ဒန် ဘောလုံးလောကမှာ ဒီအသက်အရွယ်အထိ အကောင်းဆုံး ပုံစံတွေကို ပြသထားနိုင်ဖို့ရာ တကယ် မလွယ်လှပေ။ မည်သို့ပင် ဆိုစေကာမူ အထင်ကရ နှစ်ယောက်အပြင် အခြား နာမည်ကြီး ကစားသမားတွေကို အားပေး ကြည့်ရှုခွင့်ရမယ့် ပြိုင်ပွဲကြီးမို့ အိပ်ရေးပျက်ခံပြီး ကြည့်ဖြစ်ဦးမယ် ထင်ပါရဲ့။

(photos from FIFA World Cup page)



0
0
0.000
0 comments