အရာရာတက်နေတယ် စိတ်ဓာတ်က လွဲလို့

avatar

fb_img_1638790212152.jpg

ကုန်စျေးနှုန်းက အတက်ချည်းသာ ယခင်ကတည်းက သိပ်ပြီး ကျလေ့ကျထ မရှိသည့် ကုန်စျေးနှုန်းက ယခု ကာလမှာ သာပြီး ဆိုးတော့၏။ ပြည်သူ့ အစိုးရ လက်ထက် covid ဖြစ်နေတုန်းကတောင် ကုန်စျေးနှုန်းကို ထိန်းနိုင်၊ အံတု နိုင်နေခဲ့သေး၏။ ယခုများ ကုန်စျေးနှုန်းက မိုးပျံ ပူပေါင်း မဟုတ်တော့ဘဲ ဒုံးပျံ အဆင့်သို့ မြှင့်သွားတော့၏။ ကြင်စိုးကား ဆရာကြီး ဖြစ်၏။ ဘာ ဆရာကြီးလည်း ဆိုတော့ စိတ်ပျက် စရာကြီး ဖြစ်၏။ လူယုတ်မာတွေများ သက်ဆိုးရှည်ချက် ခုထိ ဘာမှ မဖြစ်ကြသေးပေ။

ဒါပေမယ့် ဒင်းတို့ မကြာမီ ကျရှုံးရတော့မည် ဖြစ်၏။ ခုလည်း ဒင်းတို့ စိတ်သေလက်ချ နေနိုင်၊ နေခွင့်မှ မရကြ ရှာပဲ။ ဟိုနား မသွားရဲ၊ ဒီနား မလာရဲနဲ့ နည်းနည်းကြားတာနဲ့ စိတ်က ပူနေရပြီ။ လိပ်ပြာမလုံ မသန့်တွေ ဖြစ်နေမလားလို့ ဆိုပြန်တော့လည်း မဟုတ်နိုင်ပေ။ တချို့ တလေလောက်သာ အမှားကိုသိပြီး အမှန် ပြင်ချင်ကြပေမည်။ အများစုကတော့ ကြင်စိုးနဲ့ ပုလင်းတူ ဗူးဆို့တွေ ဖြစ်ကြပေလိမ့်မည်။

လောလောဆယ် အိမ်မှာ အခန်းလေး လုပ်နေတော့ ကုန်စျေးနှုန်း တက်ခြင်းကို မသိမသာ မဟုတ်ဘဲ သိသိသာသာ မျက်ဝါးထင်ထင် မြင်ရတော့၏။

အာဏာသိမ်းပြီး တနှစ် အတွင်းလောက်တုန်းကတော့ အုတ်တလုံးကို ၁၄၀၊ ၁၅၀ လောက် ပေးရ၏။ တနှစ်ကျော်လာပြီးနောက် ၁၇၀၊ ၁၈၀ သို့ တက်၏။ ကျနော့်အိမ်လုပ်ဖို့ အုတ်မှာတော့ ၁၉၀ ဖြစ်သွား၏။ ကျနော်မှာပြီး တပတ်လောက် နေတော့ ၂၀၀၊ ၂၁၀ တွေ ဖြစ်ကုန်၏။ ဒါက အမြင်သာဆုံး ဖြစ်သည့် အုတ်ကို ပြောခြင်း ဖြစ်၏။ အခြား ဘိလပ်မြေ၊ သဲတို့လည်း စျေးတက်၏။ အိမ်မလုပ်သေးခင်က ထုံးစျေးက တအိပ် ၂၅၀၀ ကျပ် ဖြစ်၏။ ကျနော် လည်း အိမ်လုပ်မယ်ဆိုရော (တပတ်လောက်ကြာပြီး သွားမေးတော့) ၂၆၀၀ ဖြစ်သွားရော။ ၁၅ အိတ်လောက် ယူမယ် ဆိုသဖြင့် ယခင်စျေး ၂၅၀၀ နှင့်သာ ထားပေးလိုက်လို့ တော်သေး၏။

img_0.7396728979294764.jpg

အမှန်တော့ ဆောက်လုပ်ရေး ပစ္စည်းတွေတင်သာ စျေးတက်ခြင်း မဟုတ်ပေ။ စားသောက်ကုန်တွေလည်း တက်၏။ ဟင်းသီးဟင်းရွက်တွေဆို ပိုဆိုးသေး။ ပဲဝက်သား ဆိုလား၊ ပဲကြက်ဥလား ဆိုပဲ တဗူး ၅၀၀ တဲ့ ယခင် ၂ ဗူး ၅၀၀ ရသည့်ပဲ။ တရက်သားကဆို မျက်လုံးတောင် ပြူးသွားရ၏။ ဘာတဲ့ အနေတော် အရွယ် ပန်းမုန်လာ တပွင့်ကို ၁၅၀၀ ကျပ်တဲ့။ စျေးသုံးရင်း သွေးတက်ချင်ချင်တောင် ဖြစ်သွား ခဲ့ရသေး။

အိမ်က ဆရာတွေ စားနေကြ တောင်ကြီး ပေါင်မုန့်တောင် ၇၅၀ ဖြစ်သွား၏။ ယခင်က တလုံးမှ ၅၀၀ ပဲရယ်။ ညနေ ညနေ မကြာခဏ ထိုင်ဖြစ်သည့် BPM မှာတောင် RUM sour တခွက် ၁၅၀၀ ကနေ ၂၀၀၀ ဖြစ်လို့ သွားခဲ့၏။ ခုတော့ ကျနော်တို့ သူငယ်ချင်း တစုလည်း BPM သိပ် မသွားဖြစ်တော့ပေ။ ကိုယ့်ကို rum ဝယ်ပြီး lemon tea နဲ့ရောကာ သံပုရာသီး လေးညှစ်ပြီး သောက်ကြ၏။ တခါတလေတော့ ice coffee နဲ့ပေါ့။ တခါတလေ ကြပြန်တော့ rum နဲ့ ဝိုင် ရောပြီး ကစ်၏။ rum နဲ့ ဝိုင် အရောကတော့ အတော် ရောက်၏။ တခွက် နှစ်ခွက် လောက်နဲ့တင် ရောက်ရှိတွေ ဖြစ်ကုန်၏။

ကြင်စိုးကား အကြီးအကျယ် ဒုက္ခ ပေးနိုင်သူ ဖြစ်၏။ လူနည်းနည်းလေးကို မဟုတ်၊ လူအများကြီးကို တချိန်ထဲ တပြိုင်ထဲ အကြာကြီး စိတ်ဒဏ်ရာတွေ ကိုယ်ဒုက္ခတွေ ပေးနိုင်သူ ဖြစ်ချေတော့၏။



0
0
0.000
5 comments
avatar

ဒင်းတို့ အမြန်သေမှပဲ... မဟုတ်ရင်တနိုင်ငံလုံး ပြာဖြစ်တော့မယ်။ !PIZZA

0
0
0.000