ဒီမိုး ဒီရာသီဥတုနဲ့တော့

avatar

ဒီနေ့ မိုးက မနက် ကတည်းက တအိအိရွာနေခဲ့၏။ ရှေ့ရက်ကတွေက ကြည်ကြည်လင်လင် သာသာယာယာ ရှိသလောက် ဒီရက်ပိုင်းမှာ မိုးစွေလို့နေ၏။ မနေ့က သိပ်မရွာပေမယ့် ဒီနေ့မှာတော့ တနေ့ကုန် ရွာနေခဲ့၏။ ဝုန်းဒိုင်းရွာပြီး တိတ်သွားတာမျိုး မဟုတ်ဘဲ နည်းနည်းချင်းစီ ရွာလိုက်၊ ခဏရပ်လိုက် ပြီး ပြန်ရွာလိုက်နဲ့ အတော်ဆိုးလှ၏။ ချမ်းစိမ့်စိမ့် အေးစိမ်ြစိမ့်နဲ့ အပြင်ဘာညာ သွားလာဖို့ခက်လှ၏။ လှုပ်ရှား ရုန်းကန်နေရသူများအဖို့ အိမ်မှာ အသာလေးကွေးနေလို့ မရပေ။ လုပ်ချင်တာထက် လုပ်သင့်တာကို လုပ်ကြရမည် မဟုတ်လား။

ဒီနေ့ အပြင်ဘာညာ သွားစရာ မလို၊ မရှိလို့ တော်သေး၏။ ဒီမိုး ဒီရာသီဥတုနဲ့ ဘယ်မှ မသွားချင်ပေ။ ယခု စာရေးနေရင်းနဲ့ကို မိုးက ရွာလိုက်၊ တိတ်လိုက် ခဏခဏ ထပ်ဖြစ်နေသေး၏။ မိုးလေဝသက ဘာပြောလဲဟု အမေ မေးတော့၊ ကျနော် မိုးလေဝသ သတင်း မကြည့်ဖြစ်တာ ကြာနေသည်ကို သတိရမိ၏။ မသိဘူး အမေဟုသာ ဖြေမိ၏။ အုပ်ချုပ်သူ မင်းမကောင်းလို့ ရာသီဥတုတွေက ခုလို ဖြစ်နေတာတဲ့။ ဆိုင်ဆိုင် မဆိုင်ဆိုင် အုပ်ချုပ်သူ မကောင်းတာကတော့ အားလုံးအသိ။ အင်း ... သူ့ကြောင့် ရာသီဥတုမကောင်းတာလည်း ဟုတ်နိုင်တာပဲလေ။

ဟိုနေ့ တန်းစီပြီး ထည့်ထားသည့် ဆိုင်ကယ်ဆီလေးတောင် ကုန်ခါနီးလာခဲ့ပြီ ဖြစ်၏။ တဖန် ပြန်တန်းစီဖို့ နီးလာခဲ့ပြီ။ ထိုနေ့က 95 တသောင်းဖိုး ထည့်ခဲ့ရ၏။ လက်ကျန်ဆီနဲ့ ပေါင်းလိုက်တော့ ဆီတိုင်က္ အပြည့် ဖြစ်သွား၏။ ၅ ရက်၊ ၆ ရက်လောက်တော့ အေးဆေးရ၏။ ဈေးသွား၊ ဘောလုံးကန်၊ တူလေး တူမလေးကြိုတာလောက်ပဲ သုံးဖြစ် စီးဖြစ်လို့လည်း ထိုမျှ ရက်ခံခြင်း ဖြစ်၏။ ယခင်လို စာသင်နေချိန်မျိုးဆိုရင်တော့ ထိုမျှထိ အသုံးခံမည် မဟုတ်ပေ။

၃ ၊ ၄ ရက်နေရင် အဆင်ပြေပါပြီ ပြောခဲ့သည့် ဆီပန့်တွေ ခုထိတော့ အဆင်မပြေလာသေးပေ။ ပိုလို့တောင် ‌ဆိုးလာသည် ထင်မိ၏။ ဖြည့်စွမ်း ပေးနိုင်သည့်ပမာဏထက် လိုအပ်ချက်က ပိုလို့များနေတော့ ဘယ်လိုမှ အဆင်မပြေပေ။ ဆီတန်းစီရသည့် အလုပ်က လက်ရှိမှာ လူတိုင်း လုပ်နေရသည့် အလုပ် ဖြစ်နေခဲ့တော့၏။ ဘယ်ဆီပန့်မှာ ရလဲ မေး၊ ဘာဆီ အမျိုးအစားလဲဆိုတာ အာရုံ မထားနိုင်တော့ 92 ရရ၊ 95 ရရ ရသည့်ဆီ ထည့်ကြရတော့၏။

မနက်အစောကြီး ဆီသွားတန်းစီရတာမျိုးတွေပါ ရှိလာခဲ့၏။ တမျှော်တခေါ်ကားတန်းကြီးက မျက်စိတဆုံးပင်။ ကိုယ့်အလှည့် ဘယ်ဆီနေမည် မသိ။ တချို့တွေကြ မိမိအလှည့်နား နီးခါမှ ဆီကုန်လို့သွားတာမျိုးနှင့်လည်း ကြုံရပြန်၏။ အတော် ဆိုးလှ၏။ တချို့တွေ ဆီထည့်ဖို့ ဆီဆိုင် ပတ်ရှာရင်း ဆီကုန်သွားကြ၏။ ဒီမိုး ဒီနေ့လို ရာသီဥတုနဲ့ ဆီတန်းစီရမည်ဆို ကားတွေကထား ဆိုင်ကယ်သမားတွေ အဖို့ ဖျားနာတာမျိုးတွေ ဖြစ်နိုင်၏။ ပြည်သူတွေရဲ့ ဒုက္ခကလည်း မသေးလှပေ။



0
0
0.000
4 comments
avatar

မိုးက အဲ့သလို တအိအိရွာရင် အတော်ပျင်းစရာကောင်းသဗျို့။
!LOLZ
!MEME

0
0
0.000
avatar

ဟုတ်ပဗျာ။

0
0
0.000