ကျန်းမာရေး

avatar

လပြည့်နေ့က အခန်းရှင်းပြီး သန့်ရှင်းရေးတွေ လုပ်လိုက်၏။ အဆိုပါ ဒဏ်တွေ ဒီနေ့မှာ လာထိ၏။ မနက် အိပ်ရာထတော့ တကိုယ်လုံး ကိုက်ခဲနေလေတော့၏။ ဒါတောင် အမငယ်က လာနှိုးလို့ နိုးတာ။ ကိုယ့်ကိုဆို ထ ဖြစ်ဦးမည် မဟုတ်ပေ။ အမေက အိမ်နားက ဘုန်းကြီးကျောင်းတခုသို့ သွားမည်ပြောလို့ အမက လာနှိုးခြင်း ဖြစ်၏။ အတော် ထယူရ၏။ ကိုယ်လက်တွေ ကိုက်ခဲနေ၏။ လက်မောင်းနား၊ လက်မောင်းရင်းက ပိုပြီး ကိုက်၏။ နည်းနည်းလည်း ဖျားချင်နေသလိုပင်။ နှာစေး နှာပိတ်တော့ ဖြစ်နေ၏။ ချောင်းတော့ မဆိုးပေ။

မနေ့က သန့်ရှင်းရေး လုပ်ပြီး ရေချိုးချိန်မှာ မိုးတော့ ရွာနေ၏။ ပင်ပန်းတာရယ်၊ အအေးပတ်တာရယ် ရောသွားခဲ့သည်ထင်။ ဘုန်းကြီးကျောင်းက ပြန်မှပဲ အစာ စားပြီး ဆေးသောက်ရပေမည်။ ဆေးသောက်ပြီး နားမယ်ဆိုမှ ဆရာတော် ကလည်း တရားကို ရှည်ရှည်ဟောနေ၏။ ယခင် လာကန်တော့တုန်းကတောင် ခုလောက်ထိ ပြောဟောတာ မလုပ်ပေ။ ဒီနေ့မှ ထူးထူးဆန်းဆန်း တရားတွေ ဟောနေခဲ့တော့၏။

ဆွမ်းစားချိန် နီးမှသာ ရပ်တော့၏။ ဒါတောင် ကျနော်တို့က စကားစဖြတ်လိုက်လို့သာရယ်။ ဆရာတော် ဆွမ်းစား နောက်ကျနေမယ် ဘုရားလို့ လျှောက်တင် သတိပေးမှ ဟောပြော လက်စကို ရပ်လေတော့၏။ အမှန်တော့ ကျနော်တို့က ဘုန်းကြီးကျောင်း နှစ်ကျောင်းသွားဖို့ ရည်ရွယ်ထားခြင်း ဖြစ်၏။ ဆွမ်းစားချိန် ရောက်သွားသဖြင့် နောက်တကျောင်းလည်း ဆက်မသွား ဖြစ်တော့ပေ။ လပြည့်နေ့ ဆိုရင်တော့ ကန်တော့လက်ခံမည့် ဆရာတော်၊ ဦးဇင်း အသင့် စောင့်၊ ရှိနေ နိုင်ပေမယ့် ဒီနေ့က လပြည့်ကျော် တရက်နေ့ ဖြစ်သွားပြီ။

လပြည့်နေ့ထက် စာရင် ကျောင်းတက်သူ နည်းသွားခဲ့ပြီ။ အမေ့ ပြန်ပို့ပြီး တခုခု စားဖို့ အပြင် ထွက်ခဲ့၏။ အိမ်မှာ ချက်ထားသည့် ကြက်အာလူး ဟင်းကို စားဖို့ အာသီသ မရှိနေတာနဲ့ အပြင်မှာပဲ တခုခု စားဖို့ တွေးထား၏။ တောင်ခြေဖက်ထုပ်ဆိုင်မှာ မြီးရှည်စား၏။ ကျနော်က ဖက်ထုပ်ထက် မြီးရှည်ကို ပိုကြိုက်၏။ မြီးရှည် စားပြီး ပေမယ့် ပါးစပ်က တခုခု ထပ်စားချင်နေသေးတာနဲ့ မြို့မဈေးနား သွား၏။

ထမင်း ဆီစမ်းကို ဝက်ကြော်နဲ့ စားမယ်ပေါ့။ ဆေးခါး ဟင်းရည်လေး သောက်ပြီး။ ဖြစ်ချင်တော့ ဆိုင်က မဖွင့်ပေ။ နှစ်ဆိုင်လုံး မဖွင့်ပေ။ သို့နှင့် Aurora လက်ဖက်ရည်ဆိုင် သွားပြီး ဝက်ကလီစာ ထမင်းကြော် စားမယ်ကွာ ဆိုပြီး ဆက်ဆင်းခဲ့၏။ Aurora လည်း ပိတ်၏။ လပြည့်ကျော် တရက်နေ့မို့ ထင်ပါရဲ့။ ကျနော်လည်း လက်လျော့ကာ အိမ်သို့ပဲ ပြန်လာခဲ့တော့၏။ ဆေးသောက်ပြီး ခဏ အိပ်ပါဦးမည်။

တခါတလေကြပြန်တော့လည်း အခန့်မသင့်ရင် ဒီလိုပါပဲလေ။ ကျန်းမာရေးက အရေးကြီးသည် မဟုတ်လား။ ခဏ အနားရသည်လို့ပဲ မှတ်ယူပါတယ်လေ။



0
0
0.000
5 comments
avatar

ဒီနေ့ဆိုင်တွေပိတ်တယ်ထင်ပါတယ်။ မနက်ဖြန်မှ စျေးထွက်သုံ:တော့မယ်။
!PIZZA

0
0
0.000
avatar

စားချင်ပါတယ်ဆိုမှ ဆိုင်ကပိတ်သတဲ့။
!LOLZ
!MEME

0
0
0.000