Manchester Derby

avatar

ဒီနေ့ည မြန်မာစံတော်ချိန် ည ၁၀ နာရီမှာ မန်ချက်စတာ ယူနိုက်တက်နှင့် မန်ချက်စတာစီးတီးတို့၏ ဒါဘီ ပွဲစဉ် ရှိ၏။ စီးတီး၏ အိမ်ကွင်းမှာ ကစားရမည် ဖြစ်၏။ ပထမကျော့ အိမ်ကွင်းတုန်းကတောင် ၀-၃ ဂိုးဖြင့် ရှုံးထားတာ ခုက အဝေးကွင်းဆိုတော့ တော်တော် မလွယ်သည့် ကိစ္စပင်။ လက်ရှိ စီးတီးရဲ့ ခြေစွမ်း၊ ထို့နောက် ဒီဘရိုင်း ပြန်ကစားလာနိုင်ခြင်းတို့ကြောင့် စီးတီး၏ အနေအထားက ကျားကို တောင်ပံတပ်ပေးထားသည့် အခြေအနေမျိုး ဖြစ်၏။

ကိုယ်တွေ ယူနိုက်တက်ကတော့ ဆန့်ကျင်ဘက် အခြေအနေမျိုး ဖြစ်နေ၏။ ဒဏ်ရာ ရနေသူ၊ ကြံ့ခိုင်မှု မပြည့်ဝသူ၊ ကစားခွင့် ရသူတွေကြပြန်တော့ ခြေစွမ်း၊ ကစားပုံက မေးခွန်းထုတ်စရာ အနေအထား ဖြစ်နေ၏။ EPL week 26 ဖူလ်ဟမ်နှင့် ပွဲတုန်းက အိမ်ကွင်းမှာပင် (၁-၂) ဂိုးဖြင့် ရှုံးထားသေး၏။ ကြားရက် FA ဖလား နော်တင်ဟန် ဖောရက်စ်နှင့် ပွဲမှာ နိုင်ပွဲ ပြန်ရှာတွေ့ထားလို့ တော်သေး၏။ ဖောရက်စ်ကို ဖြတ်ကျော်ပြီး ကွာတားဖိုင်နယ်အဆင့် တက်လှမ်း နိုင်ခဲ့တယ် ဆိုပေမယ့် ကွာတား အဆင့်မှာ တွေ့ရမည့် အသင်းက ခါးသီးပြိုင်ဘက် လီပါပူး ဖြစ်နေ၏။

လက်ကျန် ဖလားမျှော်လင့်ချက်လေးပင် ခပ်ယဲ့ယဲ့နဲ့ရယ်။ လီပါပူးကလည်း တောက်လျောက် ပုံစံကောင်းတွေ ပြထားနိုင်နေခဲ့သည် မဟုတ်လား။ အသင်းကြီးထဲမှာ လွဲနေတဲ့ အသင်းဆိုလို့ ယူနိုက်တက်နှင့် ချယ်လ်ဆီးသာ ရှိမည် ထင်၏။

Week 26 ဖူလ်ဟမ်နှင့် ပွဲလေးသာ နိုင်ထားခဲ့ရင် ကောင်းပေလိမ့်မည်။ ဆာအဲလက်စ် လက်ထက်တုန်းက ကြောက်ရသည့် အသင်း၊ သတိထားရသည့် အသင်းဆိုလို့ ၃ သင်းထက် မပိုခဲ့ပေ။ နို့ပေမယ့် ခုခါမှာတော့ ၁၉ သင်းလုံးကို သတိထားနေရ၏။ အသင်းတိုင်းကလည်း မင်းလားကွ မန်ယူ ဆိုပြီး အငြိုးတကြီးနဲ့ကို ကစားနေကြသလားဟု ထင်မှတ် မှားလောက်အောင် မန်ယူနဲ့ တွေ့တိုင်း အားစိုက်လို့ ကန်နေကြ၏။

ဒီနေ့ စီးတီးကိုသာ ထပ်ရှုံးခဲ့မယ် ဆိုရင် ဥရောပဝင်ခွင့် အဆင့် ၄ အိပ်မက်က အတော်လေး အလှမ်းဝေးသွားလိမ့်မယ်။ ဒီထက်သာ ပိုဆိုးလာခဲ့ရင် အလှမ်းဝေးရုံတင်မက ပျောက်ပါ ပျောက်ကွယ် သွားလိမ့်မယ်။ ဆာအဲလက်စ် အလွန် နည်းပြတိုင်း ခုထိတော့ ယူနိုက်တက်ကို အနေအထား တခု ရောက်အောင် လုပ်ပြထားနိုင်ခြင်းမျိုး မရှိသေးပေ။

အားပေးသူ ကိုယ်တွေအဖို့ နိုင်တာ မနိုင်တာ သူ့အပိုင်း အားပေးရမှာ ကိုယ့်အပိုင်း ဆိုသည့် စိတ်မွေးပြီး အားပေးကြရုံပင်။ ဒီအသင်းကို ကိုယ်က ‌ချစ်မိခဲ့ပြီကိုး။

(Photos from Manchester United Football Teams)



0
0
0.000
3 comments
avatar

လောလောဆယ်တော့ တစ်ဂိုးသွင်းထားနိုင်သေးတယ်
ပွဲပြီးရင် ဘယ်လိုလာမလဲ စောင့်ကြည့်ရဦးမယ်ဗျာ

0
0
0.000
avatar

အစဉ်အလာမပျက် (၃-၁) နဲ့ ရှုံးပါတယ်။
!lolz
!pizza

0
0
0.000