ပန်းခြင်း နောက်ဆက်တွဲ

avatar

ဝမ်းလျှောတာ တော်တော်လေး ခံလိုက်ရ၏။ ဒီတကြိမ်က အဆိုးဆုံးလို့ ပြောလို့ရမယ် ထင်၏။ နေရလည်း ခက်၏။ ယခင် ဝမ်းပျက်၊ ဝမ်းလျှော ဖြစ်က နေ့တပိုင်းလောက်သာ ခံရ၏။ ခုက တရက်မကတော့ နှစ်ရက်လောက် ရှိနေခဲ့ပြီ။ နေရထိုင်ရ အတော်ခက်လှ၏။ ဒီကြားထဲ ရာသီဥတုကလည်း ပူကပူနဲ့ ဆိုတော့ ပိုပြီး နေရခက်စေတော့၏။ ဗိုက်ထဲမှာ အီလည်လည်ကြီး ဖြစ်နေခြင်းက အတော် ဆိုးလှ၏။ ပြီး စားချင်သောက်ချင်စိတ်ကလည်း မရှိ ဖြစ်နေခဲ့၏။ ကိုယ်ခန္ဓာက တောင်းတပေမယ့် စိတ်က မစားချင် ဖြစ်နေခြင်း ဖြစ်၏။

သိပ် မစား ဖြစ်တာတောင် သန့်စင်ခန်း ခဏခဏ သွားနေရတော့ စားများ စားဖြစ်ရင် ပိုများ ဆိုးနေမလား ဆိုသည့် အတွေးကြီးကလည်း ခြောက်လှန့်လို့ နေခဲ့၏။ အင်း ခက်ချည်ရဲ့။ ဝမ်းပျက်တော့ လူက မြော့ ပြီးကြားထဲ အစားကလည်း ကောင်းကောင်း မစားချင်၊ မစား ဖြစ်တော့ ပိုလို့ ပိုပြီး အားလျော့လို့ နေတော့၏။ အင်း ဘယ်လောက်ထိ ခံနေရဦးမယ် မသိသေးပေ။

အိမ်က ဆေးနဲ့ မရလို့ သူငယ်ချင်း ပြောသည့် ဆေးကို ပြောင်းသောက်ကြည့်၏။ သက်သာသည် ဆိုရုံလောက်သာ၊ လုံးဝကြီး မပျောက်သွားသေးပေ။ ဆေးက စျေးက မသေးပေ။ တလုံးကို ၂၅၀၀ ပေးရ၏။ သုံးလုံး ဆိုတော့ ၇၅၀၀ ကျနေပြီ။ ထို ဆေးကုန်လို့မှ မသက်သာရင်တော့ အိမ်ကဆေးပဲ ပြန်ထပ်သောက်တော့မည်။ ဝမ်းသွားတာတော့ ရပ်သွားပြီ ပြောလို့ရ၏။ ဒါပေမယ့် ဗိုက်က နေလို့ သိပ်မကောင်း သေးပေ။ ဝမ်း မရှင်းသေးဘူး လို့ ပြောလို့ရ၏။ တချက်တချက် လေက ထလိုက်သေး၏။

ဒီတကြိမ် ဒီတခါကတော့ တော်တော်လေး ခံလိုက်ရ၏။ တနေ့က မင်္ဂလာဆောင်မှာ အသိဆရာဝန် တယောက်ကလည်း ခုတလော ဝမ်းပျက်၊ ဝမ်းလျှော တွေ များနေကြောင်း ပြော၏။ ဆေးရုံကို လာသည့် လူနာ အများစုက ဝမ်းပျက် ဝမ်းလျှော လူနာတွေချည်း ဖြစ်ကြောင်း ပြောပြ၏။ ကျနော့်ကိုလည်း ဂရုစိုက်ရန် မှာသွားခဲ့၏။

ကျနော့်လောက် အစားအသောက်ကို သတိထား စားတာ ကျနော်ပင် ဖြစ်၏။ တခုခု စားဖို့ အရေး သင့် မသင့်၊ တည့် မတည့် ချိန်ဆပြီးမှ စားသူ ဖြစ်၏။ ဒါကိုမှ ခုလို ထဖြစ်တော့ အတော်ဆိုးတယ်ကွာ ဟုသာ ငြီးမိတော့၏။ ကျန်းမာရေးကိုတော့ သေချာလေး ဂရုစိုက်ရပေလိမ့်ဦးမည်။



0
0
0.000
4 comments