ဆိုတော့ကာ...

avatar

ဒီရက်ပိုင်း စာ မရေးဖြစ်။ ပိုစ့်တော့ တင်ဖြစ်၏။ ဟင်... ဘယ်လိုလားပေါ့။ ပိုစ့်တင်လို့ရတာက စာတွေ ကြိုတင်ရေးထားလို့ ဖြစ်၏။ တပတ်စာလောက် ကြိုရေးထားတော့ နေ့စဉ် ပိုစ့်တင်ဖို့ အဆင်ပြေ၏။ နေ့စဉ် ရှေ့ရက်တွေ အတွက် ရည်ရွယ်ပြီး ရေးထားလေ့ ရှိ၏။ ဒီရက်ပိုင်းတော့ မရေးဖြစ်ပေ။ မင်္ဂလာဆောင် ရှိနေလို့ ဖြစ်၏။ ကျနော် ဆောင်တာတော့ မဟုတ်ပေ ကျနော်တို့ အသင်းက ဂိုးသမား ညီလေး ဆောင်ခြင်း ဖြစ်၏။ အမလေး ကဒွန်ရယ် ခင်ဗျား ပွဲ မဟုတ်မှန်းသိပါတယ်ဟု ပြောကြမည်ထင်၏။ ကျနော့် အကြောင်း သိပြီးသူတွေကထား၊ မသိသေးသူတွေ အတွက် ရှင်းပြထားခြင်း ဖြစ်၏။

သတို့သားကတော့ ပိုပြီး အလုပ်များသပေါ့။ ကျနော်တို့က ဒီအတိုင်း လိုတာလေး ကူလုပ်ပေးကြရုံသာ။ မင်္ဂလာဆောင် မတိုင်ခင် ရှေ့တရက်မှာတော့ သတို့သမီးကို သတို့သားနဲ့အတူ သွားခေါ် ကြ၏။ ကောင်မလေးက ဇလဲရွာသူ ဖြစ်၏။ တောင်ကြီးနဲ့ သိပ်မဝေးပေ။ ကား၊ ဆိုင်ကယ်နဲ့ သွားက မိနစ် ၂၀၊ နာရီဝက်လောက်သာ ကြာ၏။ ကောင်မလေးက ပအိုဝ့် တိုင်းရင်းသူ ဖြစ်၏။ ရွာသူ ဆိုပေမယ့် ဘွဲ့ရ ပညာတတ်လေး ဖြစ်၏။ နှစ်ယောက်သား တက္ကသိုလ် တက်ရင်း ဆုံခဲ့ကြခြင်း ဖြစ်၏။

မင်္ဂလာဆောင်ရတာလည်း တကယ်တော့ တည်လည်း မလွယ်လှပေ။ မိန်းမယူ ရတာ လွယ်တယ်၊ မင်္ဂလာဆောင် ရတာက ခက်တာ (ပင်ပန်း) ဟု ပြောရမည်။ အသိ မိတ်ဆွေတွေက ဝိုင်းဝန်းစုဖွဲ့ ကူညီကြပေါ့။ ပျော်ရ ရွှင်ရသဖြင့် ပင်ပန်းတာတွေကို မေ့မေ့ပျောက်ပျောက်ထား ထားလို့ ရ၏။ သတို့သားက ကိစ္စ တော်တော်များများကို လုပ်ရလို့ ပင်ပန်းကြောင်း ငြီး၏။ ကျနော်တို့ကလည်း မင်းက သတို့သားပဲလေ၊ မိန်းမယူချင်တာကို လုပ်ပေါ့၊ ပင်ပန်းခံပေါ့ ဆိုပြီး ဝိုင်းစကြ၏။

သူကတော့ မဆောင်ခင် ကတည်းက အလုပ်တွေ များနေရ၏။ pre welding ဓာတ်ပုံရိုက်တာတွေ၊ စာလုံးကပ်ဖို့ အပ်ရတာတွေ၊ ပန်းမှာရတာတွေ၊ မင်္ဂလာဆောင်မှာ board ထောင်ဖို့ vinyl ထုတ်ရတာတွေ အစရှိသဖြင့်ပေါ့။ သူ့ခြေ သူ့လက်နဲ့ ဖြစ်ချင်လို့ ထင်ပါရဲ့ သူ့သူ အကုန်လုံး လုပ်နေပြီးမှ ပင်ပန်းတယ်နဲ့ ပြောပြောနေ၏။

Futsal ကန်ရင် ငါတို့ကကြ ဟိုဟာလုပ် ဒီလိုလုပ်ဆိုပြီး တာဝန်ခွဲပေး ခွဲယူရမယ်ပြောပြီး မင်းအလှည့်ကြ မင်းမင်း လုပ်နေတာကိုး တာဝန်ခွဲပေး လိုက်ပြီးနေတဲ့ဟာကို ဆိုပြီး ပြောဖြစ်၏။ ဒါပေမယ့် မဆောင်ခင် ရှေ့တရက်နဲ့ မင်္ဂလာဆောင်နေ့မှာတော့ ကျနော်တို့လည်း ဝိုင်းကူပြီး လုပ်စရာရှိတာတွေ လုပ်ပေးကြ၏။ အချက်အပြုတ်က ရပ်ကွက်က ချက်၏။ ကျနော်တို့က vinyl board ထောင်၊ စာလုံးကပ်၊ ပန်းတွေ နေရာချ၏။

ငဗစ်ကြောင့် ခုနောက်ပိုင်း မင်္ဂလာဆောင်တွေကို ဘုန်းကြီးကျောင်းတွေမှာပဲ လုပ်ဖြစ်ကြတာ များလာခဲ့၏။ ကောင်းတော့လည်း ကောင်းပါ၏။ ကြိုက်သူ ရှိသလို၊ မကြိုက်သူလည်း ရှိကောင်း ရှိပေလိမ့်မည်။ ဘာပဲ ဖြစ်ဖြစ် လက်ဖက်ရည်နဲ့ မုန့်အစား ထမင်းကျွေးသည်ဆိုတော့ ပိုပြီး အဆင်ပြေသည် မဟုတ်လား။ ကျနော်ကတော့ မင်္ဂလာဆောင်မှာ လက်ဖက်ရည်နဲ့ မုန့်ထက် ဗိုက်ပြည့်သွားမည့်ဟာ တမျိုးမျိုး ကျွေးတာကို ပိုသဘောကျ၏။ မတော်တဆ ကျနော် မင်္ဂလာဆောင် ဖြစ်ပါကလည်း ထမင်းနဲ့ဟင်း သို့မဟုတ် ဒံပေါက် သို့မဟုတ် ကြက်ဆီထမင်း သို့မဟုတ် နတ်သုဒ္ဓါ အစရှိသဖြင့် ကျွေးမယ် ရည်ရွယ်ထား၏။



0
0
0.000
6 comments
avatar

အဟီး ကိုဒွန် မင်္ဂလာ အဝတွယ်ရမယ်ကွ။
!LOL
!MEME
!PIZZA

0
0
0.000