Till the End

avatar

ချန်ပီယံ တိုက်ပွဲ ပြင်းထန်လာခဲ့သလို တန်းဆင်းဇုန် တိုက်ပွဲကလည်း အကြိတ်အနယ်ပင်။ EPL Round 33 အပြီး ရာသီ ပြီးဆုံးဖို့ ၅ ပွဲအလိုထိ သဲသဲကွဲကွဲ အဖြေ မပေါ်သေးပေ။ နောက်ဆုံးပွဲစဉ်တွေအထိ ဆွဲဆောင်သွာလေ မလား မသိပေ။ Arsenal, City နှစ်သင်း၏ လက်ကျန် ပွဲစဉ်တွေကို ကြည့်ရင် လွယ်သလိုလိုနှင့် ထင်သလောက် မလွယ်လှပေ။ အသင်းကြီးတွေနှင့် တွေ့ရဖို့ မရှိတော့ပေမဲ့ Arsenal ဆို West Ham, City ဆို Aston Villa တို့နှင့် ရင်ဆိုင်သွားရဖို့ ကျန်နေသေး၏။ တန်းဆင်းဇုန်က ရုန်းကန်ရမယ့်အသင်းနှင့် UCL ဝင်ခွင့်နေရာထိန်းထားနိုင်ဖို့ ကြိုးစားမယ့်အသင်းတို့နှင့် ယှဉ်ပြိုင်ရမှာဆိုတော့ ခက်ခဲနိုင်၏။

တပွဲလျော့နေသည့် City သာ ကြားရက် ပွဲစဉ်မှာ ၂ ဂိုးပြတ်လောက်နဲ့ နိုင်လိုက်ရင် City တို့ အမှတ်တူ ဂိုးကွာခြားဖြင့် အဆင့် ၁ နေရာကို ရသွားမည် ဖြစ်၏။ အကယ်လို့ City သာ EPL ချန်ပီယံ ဖြစ်သွားခဲ့ရင် ချန်ပီယံ အလှည့်အပြောင်းက Round 33 မှာ ဖြစ်သွားသည်ဟု ပြောရမယ်ထင်။ အမှန်တော့ အစောပိုင်း ပွဲစဉ်တွေ ကတည်းက Arsenal ၏ ယိမ်းယိုင်လာသော ခြေလှမ်းတွေကြောင့်ဟု ပြောလို့ရပေလိမ့်မည်။ သိသာသွားတာကတော့ Man City vs Arsenal နှစ်သင်း ထိပ်တိုက်တွေ့သည့် Round 33 ဖြစ်သွားခဲ့၏။

Arsenal အတွက် စိတ်ဓါတ်ပိုင်းဆိုင်ရာ ထိုးနှုက်ချက် တခု ဖြစ်သွားခဲ့၏။ March လ EFL Cup Final မှာ ၀-၂ ဖြင့် ရှုံးပြီး တလ မပြည့်ခင် ထပ်မံ ဆုံတွေ့သည့် EPL ပွဲစဉ်မှာ ၂-၁ ဖြင့် ထပ်ရှုံး ရတာဆိုတော့ အတော်ဆိုး၏။ EFL Cup အပြီး FA Cup မှာလည်း Quarter-Finals အဆင့်ကနေ ထွက်ခွာခဲ့ရ၏။ တပတ်ထဲ ဖလား ၂ လုံးကနေ ထွက်ခွာခဲ့ရသည် မဟုတ်လား။ ကနဦး ဖလား ၄ လုံး လမ်းကြောင်းကနေ တဖြည်းဖြည်း ၁ လုံးပြီး ၁ လုံး ပျောက်သွားရသည့် အဖြစ်က ခံရခက်ကြီးရယ်။ ဒုတိယလူ ကျိန်စာက အတော်ဆိုးလှ၏။ ကျိန်စာလေလား ကံကြမ္မာလေလား ဒါမှမဟုတ် ကစားသမားတွေ ကိုယ်နှိုက်ကကို ဒုတိယနေရာကို နှစ်သက်နေတာလားကတော့ မပြောတတ်တော့ပေ။ ၅ ပွဲ ကျန်သေးသည်မို့ ဘာမဆိုတော့ ဖြစ်သွားနိုင်ပါသေး၏။

Wolves, Burnley ကတော့ တန်းဆင်းသွားရပြီး ဖြစ်၏။ ကျန် တနေရာအတွက် Nottm Forest, West Ham & Tottenham တို့ အပြိုင် ဖြစ်နေခဲ့၏။ ကနဦးတုန်းကတော့ ၄ သင်းပေါ့။ Leeds ပါ ပါ၏။ နို့ပေမဲ့ Leeds က United, Wolves နှစ်ပွဲဆက် အနိုင်ကန်ပြီး အဆင့် ၁၈ က Tottenham နဲ့ ၈ မှတ်ထိ ပြတ်သွားခဲ့ပြီ ဖြစ်၏။ ထို့ကြောင့် Leeds ကိုတော့ ဖယ်ထားလိုက်တော့မည်။ ပြီးခဲ့သော တပတ်ကျော်အထိက အဆင့် ၁၈ နေရာမှာ ရှိနေတာက West Ham ဖြစ်၏။

ရလဒ်တွေ တောက်လျောက် ဆိုးရွားလာသည့် Tottenham က West Ham ၏ နေရာကို ဝင်ယူသွားခဲ့ခြင်း ဖြစ်၏။ ဒါတောင် West Ham က ခြေစွမ်းမှန်မှန် ရလဒ်ကောင်းကောင်းတွေ တောက်လျောက်ရခဲ့ခြင်း မဟုတ်ပေ။ ကောင်းလိုက် မကောင်းလိုက်နဲ့ ဒါကိုတောင် Tottenham က အဆင့် ၁၈ ရောက်သွားတယ်ဆိုတော့ စဉ်းစားသာ ကြည့်ပေတော့။ ဒီရာသီ Tottenham အနေအထားက အတော်ဆိုးရွားနေခဲ့၏။ လက်ကျန် ၅ ပွဲမှာ ဘယ်အသင်း၊ ဘယ်နှယ်မှတ် အရယူပြီး EPL မှာ တင်ကျန်ရစ်မလဲ၊ ဘယ်အသင်းကတော့ တန်းဆင်းသွားရမလဲဆိုတာ ရင်ခုန် စိတ်လှုပ်ရှားစွာ စောင့်မျှော် အားပေးရပေလိမ့်ဦးမည်။

(photos from Premier League Page)



0
0
0.000
0 comments