တချို့က အဲ့လိုပဲ

တရက်သားက အမက phone ဆက်လာ၏။ သူတို့ ရုံးက အသိတယောက်က phone ဝယ်ချင်၏။ လူကြီး (အသက်ကြီးသူ) ကိုင်မှာ ဖြစ်ပြီး ဈေး အနေဖြင့် ၃ သိန်းနှင့် ၄ သိန်းကြား သုံးမည် ဆို၏။ MI ထဲကဆိုရင် အဲ့ဈေးနှင့် ဘယ် phone အမျိုးအစား ရနိုင်လဲ ပေါ့။

ယခု ငွေဈေးအရ အဆိုပါ ဈေးတန်းဝန်းကျင်အတွင်းမှာ အဆင်ပြေနိုင်သည့် phone က နည်း၏။ ပြီး ရွေးရလည်း ခက်၏။ ခုနောက်ပိုင်း အသစ် ဝင်လာသည့် အခြား brand တွေ ရှိသော်လည်း သူက Xiaomi ထဲကပဲ ဆိုတော့ ကျနော့်မှာ အကြံပြုရ ခက်နေ၏။ ၇ သိန်း၊ ၈ သိန်းလောက် သုံးမယ် ဆိုရင်တော့ ရွေးစရာတွေ အများကြီး ရှိမည် ဖြစ်၏။ ၇ သိန်းအထိ မဟုတ်ဘဲ ၅ သိန်းလောက်ပဲ ဆိုရင်တောင် တော်တော် အဆင်ပြေတာလေး ရနိုင်၏။ အင်းလေ ခုက လူကြီးကိုင်ဆိုတော့လည်း performance တွေ တအားကြီး ကောင်းစရာ မလိုသည့် budget phone မျိုးလောက်ဆို ရပြီကိုး။

ကျနော်က phone တွေကို စိတ်ဝင်စားသူ တဦး ဖြစ်၏။ တချိန်မှာ phone review လုပ်သူ တယောက်အဖြစ် လုပ်ကြည့်ချင်သည့် စိတ်လည်း ရှိနေသေး၏။ အသိ သူငယ်ချင်းတွေထဲက phone ဝယ်ချင်လို့ မေးလာခဲ့ရင် အကြံပြုသင့်တာပြု၊ လိုက်ကူဖို့ လိုက လိုက်ကူ၊ စစ်ကြည့် ပြုကြည့်ဖို့လိုက စစ်ကူ အစရှိတာမျိုးတွေ လုပ်ပေးလေ့ ရှိ၏။ pro တယောက် မဟုတ်ပါ။ ဒီအတိုင်း phone တွေ နှင့် ပတ်သက်ပြီး ဝါသနာ ပါ၊ စိတ်ဝင်စားသူ သက်သက်ရယ်ပါ။

ခုလည်း မေးလာသဖြင့် လိုက်ရှာ ကြည့်ရတော့၏။ ထိုထက်ပိုသည့် ဈေးသုံးမည် ဆိုက လိုက်ရှာကြည့်စရာ မလိုပေ။ ချက်ချင်း အကြံပြု လိုက်ရုံပင်။ ခုတော့ ရှာရ ပြုရ တိုက်ဆိုင် စစ်ဆေးရတာမျိုးတွေ လုပ်ရတော့၏။ အချိန်တော့ နည်းနည်း ကုန်သွား၏။ ထိုဈေးတန်းမှာ လူကြီးလည်းကိုင်လို့ အဆင်ပြေ performance လေးလည်း မဆိုးသည့် phone နှစ်မျိုး သွားတွေ့၏။

ထို phone နှစ်ခု၏ အကြမ်းဖျဉ်း အချက်အလက်၊ ဈေးနှုန်းနှင့် ဝယ်ယူလို့ ရနိုင်သည့် ဆိုင်နေရာကိုပါ တပါတည်း ယှဉ်တွဲ၍ Viber ကနေ ပို့ပေးလိုက်၏။ နှစ်ခုထဲက ကြိုက်တဲ့ တခု ရွေးဝယ် ပါစေပေါ့။

အမ အိမ်ပြန်လာတော့ ဘာ phone ဝယ်ဖြစ်လဲ မေးလိုက်တော့ Huawei တဲ့။ စိတ်မတို စဖူး နည်းနည်းတော့ စိတ်တို၊ ဒေါသ ထွက်သွား၏။ ကျနော့်မှာတော့ အချိန်အတော်ပေးပြီး data တွေရှာ ချိန်ဆကြည့်ပြီးမှ အကောင်းဆုံး အဆင်ပြေဆုံး ဖြစ်မယ့် အရာကို ရှာပေးလိုက်ရခြင်း ဖြစ်၏။ ထို ဈေးတန်း Huawei ဆို သိပ်ပြီး အဆင်ပြေတာမျိုး ရဖို့ မသေချာပေ။ အေးလေ သူ့သာသူ ကြိုက်တာ ဝယ်တာပဲ ဆိုပြီး ဖြည့်တွေး တွေးပေးလိုက်ရ၏။

နို့ပေမယ့် စိတ်တိုတာကတော့ တကန့်သက်သက်ပင်။ ကျနော်က အပေါ်ယံ ပြီးပြီးရော ပြောပြလိုက်ခြင်း မဟုတ်ပေ။ ဈေးနှုန်း၊ phone ၏ စွမ်းဆောင်ရည်၊ ကိုင်မည့်သူ စသည့် အချက်အလက်တွေကို သေချာချိန်ထိုးပြီးမှ ပြောပြပေးလိုက်ခြင်း ဖြစ်၏။ စကတည်းက ကိုယ့်ကို ဝယ်ချင်တာ ဝယ်မယ်ဆို လာကို မမေးနေ‌သင့်ပေ။ ကိုယ်က သေချာ ဂရုစိုက်ပေးလိုက်သည့်အရာကို တဖက်လူက အပေါ်ယံ ပေါ့ပေါ့လေးတွေးတာမျိုးကတော့ အတော်လေး ဆိုးလှ၏။

ထို့ကြောင့်ပင် စေတနာက လူတိုင်းနှင့် မတန်ဆိုသည့် စကားမျိုး ထွက်လာခြင်း ဖြစ်၏။ လူတိုင်းနှင့် တန်သည့် စေတနာမျိုး ထားနိုင်ဖို့ရန်တော့ ကြိုးစား ကြည့်ပါဦးမည်။ ယခု ဖြစ်ရပ် ကနေလည်း အတော်လေး သင်ခန်းစာ ရသွား၏။ ကျနော် hive မှာ ပိုစ့်တင်ဖို့ စာရေးနေကြ အချိန်ကို နောက်ဆုတ်ပြီး အချက်အလက်တွေ ရှာပေးလိုက်ခြင်း ဖြစ်၏။ ဒါကြောင့်လည်း စိတ်ဆိုးမိခြင်း ဖြစ်ပါ၏။

(Photos from GSMArena.com)



0
0
0.000
8 comments
avatar

ကျွန်တော် ဖုန်းဝယ်တဲ့အခါလည်း အကြံပေးပါအုံး။
ကျွန်တော်ကတော့ ဆမ်ဆောင် ပဲကြိုက်တာ။
!LOLZ
!MEME

0
0
0.000
avatar

ဟုတ်ဗျ။ Samsung fan ပေါ့။
!pizza

0
0
0.000
avatar

ဖုန်းစျေးတွေကလည်း ကြီးလိုက်တာနော်

0
0
0.000