Vikings are Cooking

ဒီနေ့ မနက် ၁ နာရီခွဲမှာ ကစားတဲ့ France vs Senegal ပွဲစဉ်မှာ France က ၃-၁ ဖြင့် အနိုင်ရသွားခဲ့ပါတယ်။ ပထမပိုင်းမှာ ဂိုးမရှိ သရေနဲ့သာ ပြီးဆုံးခဲ့ပြီး ဒုတိယပိုင်းရောက်မှသာ သွင်းဂိုးတွေကို တွေ့မြင်ခွင့်ရခဲ့တာ ဖြစ်ပါတယ်။ ၆၆၊ ၈၂ မိနစ်တို့မှာ ဦးဆောင်ဂိုး ၂ ဂိုး သွင်းယူခဲ့ပါတယ်။ ၉၀+၅ မိနစ်မှာတော့ Senegal တို့ ချေပဂိုး ၁ ဂိုး ပြန်လည်လို့ သွင်းယူနိုင်ခဲ့ပါတယ်။ ဒါပေမဲ့ ၉၀+၆ မိနစ်မှာတော့ France အနေနဲ့ တတိယ ဦးဆောင်ဂိုးကို သွင်းယူသွားခဲ့ပါတယ်။
ဒီနှစ် ကမ္ဘာ့ဖလားမှာ အာရှဇုန်က အသင်းတွေ အတော်လေး အစွမ်းပြထားနိုင်နေတာကို တွေ့ရပါတယ်။ အသင်းကြီးတွေကို အပြန်အလှန် ကစားပြထားပြီး အမှတ်တွေ ခွဲဝေယူနေကြပါတယ်။ ငါတို့ဟာ တန်းတခု ရှိတယ်ဆိုတဲ့ အနေအထားမျိုးကို ဒီတကြိမ် ကမ္ဘာ့ဖလားမှာ ပိုမို ပြသနိုင်နေတာကို တွေ့ရပါတယ်။ အရင်တုန်းကလို ကွာတားဖိုင်နယ် ဆီမီးဖိုင်နယ် အဆင့်တွေမှာ အာရှက အသင်းတွေကို တွေ့မြင်ခွင့်ရလာမလားကတော့ ဆက်လက် စောင့်ကြည့်သွားရဦးမှာပါ။

အာရှက အသင်းတွေ စွာနေတယ် ပြောထားခါမှ ဒီနေ့ မနက် ၄ နာရီခွဲမှာ ကစားသွားတဲ့ Iraq vs Norway တို့ရဲ့ ပွဲစဉ်မှာ Norway က ၁-၄ ဖြင့် အနိုင်ရသွားခဲ့ပါတယ်။ Norway ရဲ့ တကျော့ပြန် ကမ္ဘာ့ဖလား ခရီးစဉ်ကို Iraq တို့ အခက်တွေ့အောင် မလုပ်နိုင်ခဲ့ပါဘူး။ Norway အသင်းအတွက် တိုက်စစ်မှူး Haaland က ၂ ဂိုး သွင်းယူပေးသွားခဲ့တာပါ။ ကမ္ဘာ့ဖလား ပြိုင်ပွဲအတွက် အသင်း ဓါတ်ပုံ ရိုက်စဉ်က ဗိုက်ကင်းအထာနဲ့ ဂိုက်ပေးကြမ်းထားတဲ့ Norway တို့ အဖွင့်ပွဲစဉ်မှာ အမှန်အကန် ကစားပြ၊ ကြမ်းပြနေပြီ ဖြစ်ပါတယ်။
မနက် ၇ နာရီခွဲမှာတော့ လက်ရှိ ချန်ပီယံ Argentina vs Algeria တို့ရဲ့ ပွဲစဉ် ကစားသွားဖို့ ရှိနေပါတယ်။ ကျနော် စာရေးနေတုန်းမှာ Argentina က ၁ ဂိုး သွင်းထားပါတယ်။ ၁၇ မိနစ်မှာ De Paul ရဲ့ ဖန်တီး ပေးပို့မှုကနေ Messi က သွင်းယူ ပေးသွားခဲ့တာ ဖြစ်ပါတယ်။ ပြန်အိပ်ရမလား ဘောလုံးပွဲ ကြည့်ရမလားက ဇဝေဇဝါ ဖြစ်နေပါတယ်။
၄၈ သင်းနဲ့ တိုးမြှင့် ကျင်းပတဲ့ ပြိုင်ပွဲ ဖြစ်တာရယ်။ အမေရိကတိုက်မှာ လက်ခံ ကျင်းပတာရယ်ကြောင့် ပွဲစဉ်တွေက ညဦးပိုင်း မရှိသလောက်ပါပဲ။ သန်းခေါင်ကျော်၊ အာရုံတက်ချိန်၊ မနက်ခင်း အချိန်တွေ ဖြစ်နေခဲ့တာပါ။ ၄ နှစ်မှ တကြိမ် ဆိုတော့လည်း ဘာလုပ်လို့ လုပ်ရမယ် မသိနေတော့ပါဘူး။
(photos from FIFA World Cup page)