We are Going to Wembley

avatar

ပျော်စရာ နည်းပါးနေသည့် ကာလထဲ တခါတလေ ရှားရှားပါးပါး ပျော်ရတာမျိုး ရှိတတ်၏။ ဥပမာ မနေ့ကလို ရက်မျိုးပေါ့။ တခဏပဲ မဟုတ် တစိမ့်စိမ့်နဲ့ကို ပျော်နေရခြင်း ဖြစ်၏။ ပီတိဝေဖြာပြီး ထက်သန်ခြင်း တက်ကြွရွှင်လန်းခြင်းတွေပါ ရောပြွန်းနေသော ပျော်ရွှင်ခြင်းမျိုး ဖြစ်၏။ ဒါမှ ငါတို့ကွ၊ ငါတို့ လုပ်နိုင်ခဲ့ပြီ ဆိုသည့် ခံစားမှုမျိုး ခံစားရသည့် နေ့ ဖြစ်ချေ၏။

မနေ့က မြန်မာစံတော်ချိန် ည ၁၀ နာရီမှာ FA Cup ကွာတားဖိုင်နယ် ပွဲစဉ် အဖြစ် Man United နှင့် Liverpool တို့ ကစားကြ၏။ လက်ရှိ ခြေစွမ်း အခြေအနေတွေကြောင့် သုံးသပ် ခန့်မှန်းသူ အားလုံး နီးပါးက Liverpool အသင်းဘက်မှာပဲ ရှိနေ၏။ ဘယ်နှယ်ဂိုး ပြတ်မလဲ ဆိုသည့် သဘောမျိုး ကြိုတင်ပြီး ခန့်မှန်းကြ၏။ United fans တို့ အဖို့မှာလည်း ကိုယ့်အသင်းကို ရေကုန် ရေခမ်း အားပေးမှာ ဖြစ်ပေမယ့် Liverpool ကို နိုင်ပါ့မလားဆိုပြီး စိုးရိမ် နေတာမျိုး ရှိ၏။ လက်ရှိမှာ ကိုယ်တွေ အသင်းက နိမ့်ကျနေချိန် မလား။

တကယ် ကစားချိန်မှာတော့ အစောပိုင်း မိနစ်တွေမှာ United တို့က ပွဲကို ဦးဆောင်ထား၏။ တန်ပြန် တိုက်စစ်ကိုသာ ဦးစားပေး ကစားခဲ့ပြီး အလုပ်လည်း ဖြစ်ခဲ့၏။ ဦးဆောင်ဂိုးကို MCTominay မှ ပွဲချိန် ၁၀ မိနစ်တွင် သွင်းယူခဲ့၏။ ပထမပိုင်း မိနစ် ၃၀ တွေ လောက်အထိ United တို့ timing မှန်မှန် format ကျကျလေး ကစားနေနိုင်ခဲ့၏။ သို့ပေမယ့် ၄၄ မိနစ် နှင့် ၄၅+၂ မိနစ်တွေမှာ အမှတ်မထင် သရေဂိုးနှင့် အနိုင်ဂိုးတွေ ပေးလိုက်ရ၏။ ၃ မိနစ်အတွင်းမှာ ၂ ဂိုး ပေးလိုက်ရခြင်း ဖြစ်၏။ ပထမပိုင်းမှာ (၁-၂) နှင့် ပြီးသွား၏။

ဒုတိယပိုင်းမှာ ပွဲချိန် အစပိုင်းနှင့် အလယ်ပိုင်းကို Liverpool တို့ကသာ ကြီးစိုးထား၏။ United တို့ ဒီအတိုင်း ဘောလုံး လိုက်လုနေရသည့် မိနစ် အပိုင်းအခြားတွေတောင် ရှိခဲ့၏။ ပွဲချိန် မိနစ် ၇၀ မှာတော့ Antony နှင့် Harry Maguire နောက်ပိုင်းမှသာ United တို့ ပွဲကို တဖန် ပြန်လည်ဦးဆောင်နိုင်ဖို့ အခွင့်အရေးရလာခဲ့၏။

ပွဲ၏ အလှည့် အပြောင်းက ထို လူစားလဲမှု နှင့်အပြင် နောက်ထပ် လူစားလဲမှုတွေ နှင့်အတူ ဖြစ်ပေါ်လာခဲ့သည်ဟု ပြောလို့ရ၏။ ဒီပွဲမှာတော့ Ten Hag ၏ ဗျူဟာတွေ အလုပ်ဖြစ်ခဲ့သည်ဟု ဆိုရပေလိမ့်မည်။ မိနစ် ၇၀ နောက်ပိုင်းမှာတော့ United တို့ ပွဲကို တဖန် ပြန်လည် ဦးဆောင်လာ၏။ ၈၇ မိနစ်မှာ သွင်းယူသည့် Antony ၏ ချေပဂိုးကြောင့် United တို့၏ ဆီမီးဖိုင်နယ် အိပ်မက် ဆက်လက် ရှင်သန်ခဲ့၏။ မိနစ် ၉၀ ပြည့်သည်အထိ (၂-၂) ဂိုး သရေကျနေသဖြင့် အချိန်ပို ထပ်ကစားရ၏။ နာကျင်အချိန်ပိုမှာ ရသည့် အခွင့်အရေးကို Rashford သာ အသုံးချနိုင်ခဲ့မယ်ဆိုရင် အချိန်ပိုထိတောင် သွားစရာ မလိုလောက်ဘူး ထင်၏။

အချိန်ပိုမှာလည်း Liverpool ထက် United ကသာ ပွဲချိန်အများစုကို ဦးဆောင်နေခဲ့၏။ ဒါပေမယ့် ဦးဆောင်ဂိုး ရသွားတာက Liverpool က ဖြစ်၏။ အချိန်ပို ပထမပိုင်းမှာ သူတို့ ဦးဆောင်ဂိုး သွင်းသွားခဲ့၏။ ဦးဆောင်ဂိုး ပေးလိုက်ရပေမယ့် United တို့ အားမလျော့သွားဘဲ နောက်ဆုံး မိနစ်တွေအထိ အစွမ်းကုန် ကြိုးစား ကစားသွားခဲ့၏။ ထို့ကြောင့်လည်း ချေပဂိုး အနိုင်ဂိုးတွေ သွင်းယူပြီး ဆီမီးဖိုင်နယ် အဆင့်သို့ တက်လှမ်း သွားနိုင်ခဲ့၏။

ဒီပွဲစဉ်ကတော့ United fans တွေ မှတ်မှတ်ထင်ထင် ဖြစ်နေမည့် ပွဲစဉ် တပွဲ ဖြစ်သွားခဲ့ပြီ ဖြစ်၏။ ပျောက်ဆုံးနေသည့် United ၏ DNA ကို ယခုပွဲမှာ ပြန်လည် ‌တွေ့မြင်ခဲ့ရ၏။ နည်းပြ အဖွဲ့နှင့် ကစားသမားများအားလုံးကို ကျေးဇူးတင်ပါ၏။ ဆီမီးဖိုင်နယ်မှာတော့ Coventry City အသင်းနှင့် ယှဉ်ပြိုင်ကစားရမည် ဖြစ်၏။

(photos from Manchester United Facebook page)



0
0
0.000
9 comments
avatar

မက်ဂွိုင်းယားကို ကိုယ့်ဂိုးပေါက်ရှေ့မှာမထားဘဲနဲ့
သူများဂိုးရှေ့မှာထားလို့များ နိုင်သွားလားမသိဘူးနော် ဟဲဟဲ

0
0
0.000
avatar

အမှန်ပဲ။
😂

0
0
0.000