We Lose

မနေ့က မြန်မာပွဲ မကြည့်လိုက်ရ။ မိုးတွေက ရွာ ဘောလုံးကွင်းက သွားဖို့ ရှိ။ အမေ့ကိုကလည်း ဟင်းချက်ကူနေရသေးတော့ ဘောလုံးပွဲ ရှိနေတာကို မေ့သွားခဲ့၏။ Futsal ကန်ပြီး ညမှပဲ သတိရတော့၏။ ဒါတောင် YouTube ဖွင့်ကြည့်မှ Highlights တွေ့လို့။ တပွဲလုံး မဟုတ်လည်း ပြန်ကြည့်မိ၏။ ပွဲက အတော်လေးကောင်း၏။ အိမ်ရှင် ပီပီ မြန်မာအသင်းက ဖိကစားထားခဲ့၏။ ပထမပိုင်းမှာ မြန်မာအသင်းက မေထက်လူ၏ ‌ဘောလုံး ရှင်းထုတ်ရာကနေတဆင့် ဧည့်သည် Uzbekistan အသင်း ဦးဆောင်ဂိုး ရသွား၏။

ဦးဆောင်ဂိုး ပေးရပြီးနောက် ချေပဂိုး ပြန်လည် ရယူနိုင်ဖို့ မြန်မာအသင်း အစွမ်းကုန် ကြိုးစား ကစားခဲ့၏။ သို့ပေမဲ့ တိုက်စစ်ပိုင်းက အဆုံးသတ် မသေချာခြင်းကြောင့် ချေပဂိုးနဲ့ ဝေးနေခဲ့ရ၏။ ဧည့်သည် အသင်းထက် စာရင် ထိုးဖောက် တိုက်စစ်ဆင်မှုတွေ ပိုများခဲ့ပေမဲ့ သွင်းဂိုးတော့ မရယူနိုင်ခဲ့ပေ။ အဆုံးမှာတော့ ၀-၁ ဖြင့် အရှုံးပေးလိုက်ရလေတော့၏။

မြန်မာအသင်း အနေဖြင့် ခြေရည်တူ အသင်းတွေနဲ့ ကစားတိုင်း ဂိုးရဖို့ သာမန်ထက် ပိုခက်ခဲနေလေ့ ရှိသည်ကို တွေ့ရ၏။ ဂိုးရဖို့ လို၊ ဂိုးသွင်းမယ့်သူက မရှိ။ အရေးအကြောင်းဆို အဆုံးသတ်သူတွေက မသေချာနဲ့ လိုအပ်နေတဲ့ ဂိုးကို မရနိုင်နဲ့ အတော်လေး ဆိုးလှ၏။ နည်းပြ နေရာ အတွက် ဂျပန် လုမျိုးတွေ ခေါ်ယူခဲ့ပေမဲ့လည်း ဒါက အဖြေမဟုတ်သေးဘူးလို့ ထင်မြင်မိ၏။

ဂျပန် အမျိုးသမီးအသင်းက ထိပ်တန်းအဆင့်မှာ ရှိသည်မို့ ဂျပန်လူမျိုး နည်းပြတွေကို ခေါ်ယူတာ ကောင်းပါတယ် ဆိုပေမဲ့ နည်းပြအနေနဲ့ လုပ်ပိုင်ခွင့် အပြည့်အဝ မရရှိဘူးဟု အရပ်ဘက် သတင်းတွေလည်း ကြားနေရ၏။ တဖြည်းဖြည်း လူငယ်တွေကို နေရာပေးလာတာ မှန်ပေမဲ့ လူငယ်ကစားသမားတွေ၏ ခြေစွမ်းက သက်ကြီး ကစားသမားတွေ၏ ခြေစွမ်း ကစားအားကို မမှီနေသေးတာက အတော် ဆိုးလှ၏။

ယခု အရှုံးပွဲကို သင်ခန်းစာယူပြီး နောက်ပွဲစဉ်တွေမှာ အမှားကို ပြင်ဆင်ဖို့ လိုမည် ဖြစ်၏။ မြန်မာ အမျိုးသမီးအသင်းကို အာရှမှာ တန်းတခု၊ အဆင့်တခု ရှိစေချင်မိ၏။ ကမ္ဘာ့ဖလား ဝင်ခွင့်လည်း ရစေချင်မိ၏။ အမျိုးသားအသင်းထက် စာရင် အမျိုးသမီးအသင်းက နည်းနည်းပို၍ ဖြစ်နိုင်သည် မဟုတ်လား။ အမှားတွေကို ပြင်ဆင်ပြီး အကောင်းဆုံး ပုံစံနဲ့ ပြန်လာနိုင်ပါစေ။

(photos from MFF page)



0
0
0.000
0 comments