နှစ်သစ်မှာ

နှစ်ဟောင်းကုန်လို့ နှစ်သစ်သို့ ကူးပြောင်းခဲ့ပြီ။ နှစ်သစ်မှာ အသစ် အသစ်တွေချည်းပဲ ဖြစ်ဖို့ လုပ်ဖို့ တထစ်ချကြီး တွက်ဆထားလို့ မရပေ။ အဟောင်းပေမယ့်လည်း ကောင်းနေတဲ့အရာတွေကို နှစ်သစ်သို့ ဆက်ပြီး သယ်ဆောင် သင့်၏။ ပမာဆိုရရင် ကိုယ်ချင်းစာတရား၊ မေတ္တာ၊ စေတနာ အစရှိသဖြင့်ပေါ့။ မိမိနဲ့ မိမိ ပတ်ဝန်းကျင်ကို အကျိုးပြုစေသည့် အရာတွေကိုတော့ ဆက်လက်သယ်ဆောင်သင့်သည် မဟုတ်လား။ မေတ္တာ ဆိုသည့် အမျိုးက နှစ်ချို့လေ ပိုချိုလေ ဖြစ်၏။

သင်္ကြန်ကို မည်သို့ ဖြတ်သန်း ဖြစ်သနည်း ဆိုတာထက် နှစ်ဟောင်း တနှစ်လုံး မည်သို့ ဖြတ်သန်း ဖြစ်သနည်း ဟု မေးက ပိုကောင်းမည်ထင်။ ကျေနပ်ရဲ့လား၊ ပျော်ရွှင်ရဲ့လား၊ ချမှတ်ထားတဲ့ အစီအစဉ်တွေ အတိုင်း လုပ်ဆောင်နိုင်ခဲ့ရဲ့လား၊ လိုချင်တဲ့ ပန်းတိုင် ရောက်ခဲ့ရဲ့လား အစရှိသဖြင့် ပေါ့ဗျာ။ အစီအစဉ် မရှိခြင်းက အကောင်းဆုံး အစီအစဉ်ပဲ ဆိုပြီး ဘာအစီအစဉ်မှ မချမှတ်ထားဘဲ ဒီအတိုင်း ဖြတ်သန်းသူတွေလည်း ရှိကောင်း ရှိမည်ထင်။ (ကျနော် အပါအဝင် ပေါ့) မည်သို့ပင် ဆိုစေကာမူ နောင်တ အနည်းဆုံးနဲ့ ဖြတ်သန်းနိုင်ဖို့ကတော့ အရေးကြီးသည်ဟု ထင်မိ၏။

ဖတ်ဖူးသည့် စာစုလေး တခု ရှိ၏။ "Think, Plan, Do" တဲ့။ တခု ထပ်ဖြည့်ရရင် Success ပေါ့။ Think, Plan, Do and then Success ပေါ့။ ကျနော်တို့ အများစုက အတွေးနဲ့တင် ရပ်ရပ်ကုန်တာ၊ အစီအစဉ်ချသည့် အဆင့်ကို မရောက်လိုက်ဘူး။ အဲ... အစီအစဉ် ချပြီး ထ မလုပ်ဖြစ်သေးပြန်ရင်လည်း မဟုတ်သေး။ ဒီအတိုင်းဆို ဘယ်က အောင်မြင် ပျော်ရွှင်ခြင်းနဲ့ ဆုံနိုင်တော့ မည်နည်း။

စိတ်ကူးကောင်း အတွေးကောင်းလေးတွေ ရှိတယ်ဆိုရင် အစီအစဉ် သေချာဆွဲပါ၊ ချမှတ်ပါ။ ပြီးရင် လုပ် ဖြစ်အောင် လုပ်ပါ။ ဒီ အဆင့်တွေ ကျော်လွန်ခဲ့ရင် တခုခုတော့ ထူးပေလိမ့်မည်။ လုံးဝ အောင်မြင်မယ်ဟု ယတိပြတ်တော့ ပြောမရပေ။ ဒါပေမယ့် မိမိ လုပ်နိုင်စွမ်းကို မိမိကောင်းကောင်း သိသွား ပေလိမ့်မည်။ ဟ ငါ ဒီလောက်တောင် လုပ်နိုင်တယ်လားပေါ့။ နောက်တကြိမ် ကြိုးစားဖို့ တွန်းအား၊ အလေ့အကျင့်​ကောင်းများ သူ့သူ မွေးယူမိလိုက်သား ဖြစ်သွားမည် ဖြစ်၏။ မအောင်မြင်တိုင်း ကျရှုံးတယ်လို့ ပြောမရပေ။

ကျနော့် အတွက်ကတော့ နံပါတ် ၁ ပျော်ပျော်နေဖို့၊ နံပါတ် ၂ ပျော်ပျော်နေဖို့၊ နံပါတ် ၃ ပျော်ပျော်နေဖို့ ဖြစ်၏။ ကိုယ် ကိုယ်တိုင်နဲ့ အများသူငါကို မထိခိုက်စေသည့် ပျော်ရွှင်ခြင်းမျိုး ဖြစ်၏။ ဘဝတိုတိုလေးမှာ ပျော်ပျော်နေသွားနိုင်ဖို့ပဲ တွေး၏။ ပျော်ပျော်နေဖို့ တွေးတယ်၊ အစီအစဉ် ချမယ် ပြီး တကယ်လည်း ပျော်အောင် နေမယ်။ ပျော်ပျော်နေတယ် ဆိုပေမယ့်လည်း အမြဲတမ်းတော့ မပျော်နေနိုင်ပေ။ ဟင်... ဘယ်လိုကြီးလဲ မအောင်မြင်တိုင်း ကျရှုံးတယ် မဟုတ်ဘူးတွေကော၊ ပျော်ပျော်နေတိုင်းလည်း ပျော်နေတယ် မဟုတ်ဘူး တွေကော။

သြော် လောကဓံကို အမြဲတမ်း အနိုင်ရ၊ အနိုင်ယူရလောက်အောင် လောကဓံက ကျနော့် ငယ်နိုင်မှ မဟုတ်တာကိုး။ လဲပြိုကျသည့် အချိန်တွေလည်း ရှိမပေါ့။ လဲကျလိုက် ပြန်ထလိုက်ပေါ့။ လဲကျပေမယ့် ပြန်ပြန်ထနိုင်ဖို့ လိုသည် မဟုတ်လား။ ခုဆိုရင်လည်း ကျနော် ပျော်နေတယ် လေ (ပူလို့)။ စတာပါလေ။

တက်ကြမ်းတွေ၊ လေးလေးနက်နက်တွေ ပြောနေတာတော့ ဟုတ်ပါဘူးလေ။ ဒီအတိုင်း တွေ့ကြုံခံစားသိမြင်တာလေးတွေကို ပြောပြလိုခြင်းသာ။ မည်သို့ပင်ဆိုစေကာမူ မိမိ ရည်ရွယ်ထားတဲ့ ပန်းတိုင်လေးတွေကိုတော့ ရောက်အောင် သွားပါလို့ အကြံပြုလိုပါ၏။

နှစ်သစ်မှာ ချစ်ရ၊ ခင်ရသူ အပေါင်း အပူအပင် သောကတွေ နည်းပါစေ၊ ကင်းပါစေ။ အလုပ်အကိုင်တွေလည်း အဆင်ပြေပါစေ။ ဘေးအန္တရာယ်တွေ ကင်းဝေးပါစေ။ ဥစ္စာ ငွေကြေးလိုသူတွေ ဥစ္စာ ငွေကြေး ရပါစေ။ အောင်မြင်ကျော်ကြားလိုသူတွေ အောင်မြင် ကျော်ကြားပါစေ။ မေတ္တာလိုသူတွေ မေတ္တာ ရပါစေ။ အချစ်လိုသူတွေ အချစ်ခံ ရပါစေ။ အားလုံးပဲ ချစ်စကို အရှည်တကာ့ ရှည်စေ၊ မုန်းစကို အတိုတကာ့ အတိုဆုံး ထားနိုင်ပါစေ။

#Thingyan
#Wish
#MyanarHappyNewYear
#FoodMyChoice
#PhyoeBakerySupply



0
0
0.000
6 comments
avatar

!hiqvote

မင်္ဂလာနှစ်သစ် ဖြစ်ပါစေ။

0
0
0.000
avatar

Congratulations @foodmychoice! You have completed the following achievement on the Hive blockchain And have been rewarded with New badge(s)

You distributed more than 200 upvotes.
Your next target is to reach 300 upvotes.

You can view your badges on your board and compare yourself to others in the Ranking
If you no longer want to receive notifications, reply to this comment with the word STOP

Check out our last posts:

The Hive Gamification Proposal
Support the HiveBuzz project. Vote for our proposal!
0
0
0.000