အငို အရီ
ယနေ့ မျက်စိသွားပြသည်။ နောက်နှစ်လ
သင်္ကြန်ပြီပါက ခွဲစိတ်မည်ဟု မျက်စိဆရာဝန်မှ
ပြောပါသည်။ မျက်စိကို မြို့ထဲသွားပြရသည်။
မြို့ထဲသို့သွားရာတွင် ဆိုင်ကယ်ဖြင့်သွားသည်။
ဆိုင်ကယ်က နှစ်ယောက်မစီးရဟု
သတ်မှတ်ထားသည်။ မတတ်နိုင် Facebook
မှာပါသည့် သပြေညိုသတင်းလွှာကြည့်၍
မည်သည့်နေရာတွင် စစ်ဆေး နေကြောင်းဖတ်၍
ရှောင်ကွန်နရီလုပ်၍သွားခဲ့သည်။
မျက်စိဆေးခန်း ရောက်သည့်အခါ ဆရာဝန်က
မရောက်သေး၍ စောင့်နေရသည်။ ကိုယ့်ရှေ့မှာ
ပြမည့်သူတဦးရှိသည်။ ထိုတဦးက လူကြီး
မဟုတ်ပါ။ အနှီးဖြင့် ထွေးပွေ့ထားသည့်
ကလေးငယ်တဦးဖြစ်သည်။ ဘာဖြစ်သလဲဟု
မမေးမိ။ မိဘများ မည်မျှစိတ်ထိခိုက်မည်မသိ။
ဆရာကို စောင့်နေစဉ် နောက်ထပ် ကလေး
တဦးထပ်မံရောက်လာသည်။ ထိုကလေး
ကတော့ 7နှစ်၊ 8နှစ်ခန့်ရှိပေမည်။ မျက်လုံး
တဖက်က ရောင်းကိုင်းနေသည်။ မျက်လုံးကို
ပိတ်နေသည်။ ထိုကလေးကတော့ မျက်စိဆရာ
နှင့် မပြပဲ လေဆာရောင်ခြည်ခန်းအတွင်းသို့
တန်းဝင်သွားသည်။ ထိုကလေးက
မည်သို့ဖြစ်လာသလဲမသိပါ။
ဆရာ ရောက်လာသည့်အခါ မွေးကင်စ
ကလေးငယ်ကို ပထမဦးစွာကြည့်ပါသည်။
စမ်းသပ်သည့်အခန်းထဲတွင် ကလေးငယ်ကို
မည်သို့စစ်ဆေး စမ်းသပ်နေသည်မသိပါ။
ကလေးငယ်၏ ငိုသံက တဝဲဝဲဖြင့် အသံကုန်
အော်ဟစ်နေရှာသည်။ အပြင်မှ ကြားရသည်မှာ
စိတ်မချမ်းသာပါ။
အင်း လူ့ဘဝ ရောက်လာကာစ ကလေး
ငယ်တို့က ငိုသံများရောက်လာခဲ့သည်။
ကလေးငယ်ဘဝမှ ငိုသံနှင့်စပြီး လူကြီးဘဝ
မှာလည်း ငိုသံများဖြင့် အဆုံးသတ်ကြသည်။
အငိုများပြီး အရီနည်းသည့် လူ့ဘဝကြီးကို
အရီ အနည်းငယ်အတွက် တွယ်တာမက်မော
ဖက်တွယ်ထားကြသူတွေပါလေ။
@htwegyi
14-1-2022
ဆန်းပြားသောအတတ်တို့ကြောင့် ဆန်းပြားသော ရောဂါများ ရရှိလာခြင်းပဲ ဦးထွေးရေ
ဟုတ်သဗျို့။
ဘထွေးပြောချင်တာ မပြောလိုက်ရသလိုဘဲ မျက်စိဆိုတော့ အထူးဂရုစိုက်ပါ ဘထွေးရေ
ဦးထွေး မျက်လုံးအခြေအနေကော...
မျက်စိတော့ ဂရုစိုက်ဟေ့