ထူးတဲ့ နိုင်ငံ

avatar
(Edited)

img_0.7621092795142147.jpg

ကျွန်တော်တူမ စာသင်တဲ့ ကိုယ်ပိုင်ကျောင်းက
နှစ်တန်းကျောင်းတော်သူ၊ ကျောင်းတော်သားများ
အကြောင်း ရေးပြရအုံးမယ်ဗျို့။ ညက တူမရဲ့
ပြောကြားချက်အရ ကလေးတွေများ ခေသူတွေ
မဟုတ်ကြဘူးဗျ။ သို့ပေသိ တချို့ကလေးများက
အတော်လွန်ရှာကြတယ်။

တူမက မြန်မာစာသင်ပေးသူဖြစ်သည်။
နှစ်လုံးဆင့်များကို သင်ပေးရာတွင်
သတ္တဝါ ဆိုသည့် စကားလုံးကို သင်ပေးသည်။
ထိုအခါ ကျောင်းသားတဦးက

"တီချယ် သတ္တဝါဆိုတာဘာလဲ"

"သတ္တဝါဆိုတာ ခွေးလေးတွေ၊ ကြောင်
လေးတွေနဲ့ လူကိုလည်း သတ္တဝါ လို့ခေါ်တယ်"

"အော် ဟုတ်ပြီ သက်ရှိတဲ့ဟာတွေကို
သတ္တဝါ လို့ ခေါ်တာပေါ့နော်"

"အေး ဟုတ်တယ် တော်တယ် တော်တယ်"


Credit Image.

ထိုနောက် တူမက ထူးတဲ့နိုင်ငံ ဆိုသည့်
ကဗျာကို သင်ပေးသည်။ သူက ရှေ့ကရွတ်ပြ
ကျောင်းသားများက နောက်က ရွတ်သည်။
ဆရာ တပည့်များ အတိုင် အဖောက် ညီနေစဉ်
အောက်ပါ စာသားသို့ ရောက်ရှိသွားသည်။
မြစ်ကြီးလေးစင်းက ရေချို ရသည်ဟု
ပြောရာတွင်

"တီချယ် ရေချို ဆိုတော့ ရေငန် ကဘယ်မှာလည်း"

"အော် ငွေဆောင်တို့ ချောင်းသာတို့မှာရှိတဲ့
ပင်လယ်ရေတွေက ရေငန်တွေလေ သားရဲ့"

ထိုသို့မေးသူ ကလေးက အင်္ဂလိပ်စာ၊
အင်္ဂလိပ်စကား ကျွမ်းကျင်သည်။
ထိုနောက် ထိုကလေးကပင်

"တီချယ် ရိုးမ လေးတန်၊ မြစ်လေးစင်းဆိုတာ
ဘာလဲ အင်္ဂလိပ်လိုရှင်းပြပါ"

ထိုအခါ ကျွန်တော့်တူမ ရဲ့ အဖြေက

"ဟဲ့ မြန်မာစာ သင်ပါတယ်ဆို အင်္ဂလိပ်လို
သင်ခိုင်းနေတယ်၊ ဖိုး မောင်တိန်း၊
ဖိုး ရစ်ဗာ လို့မှတ်ထားလိုက်၊ ငွေဆောင်
ချောင်းသာ က ဘိခ်ျ လို့မှတ်လိုက်"

"ဟုတ် တီချယ် သိသွားပြီ"

ဆရာ တပည့်ဟုတ်နေသည်။ သို့သော်
ဆရာမက

"ဒီစားသားကတော့ ဖတ်ပြရတာ
နည်းနည်း ထစ်တယ်ဟေ့"


Credit Image.

"ကာကွယ်ပေးကြ ရန်သူကို
စစ်သားကြီးတွေလို"

ဟု ပြောလိုက်စဉ် နှစ်တန်း‌ ကျောင်းသား
ကလေး တသိုက်က ဝိုင်း၍ အော်ပြော
လိုက်သည်မှာ ဆရာမ မျက်လုံးပြူး၍
ဟဲ့ ရပ်ကြတော့ တော်တော့ဟု ပြောယူ
ရပေတော့သည်။ သူရို့လေးများ
အော်လိုက်သည်က ပီ ဒီ အက်ဖ် ဟု
သတည်း။

@htwegyi
11-11-2022



0
0
0.000
10 comments