အားနာမိပါသည်

avatar

img_2afbef50bf9740388de60fa35afaabf0_v_1.jpg

ယနေ့ ကျမတို့ရပ်ကွက်ကို မီတာခဆောင်မဆောင် လာစစ်ကြ သည်။ လာစစ်သူတွေက အရပ်ဝတ်နှင့် စစ်သားများဖြစ်ကြသည်။ တစ်အိမ်တက်ဆင်းလိုက်စစ်ပြီး တချို့မီတာခမဆောင်သော အိမ် များကို တခါတည်းမီးကြိုးများ ဖြတ်သွားသည်။ မီတာခများ ဆောင်မဆောင် လိုက်စစ်နေသည်ဟု အိမ်နီးချင်းတစ်ဉီးကလာသတင်းပေးကတည်းက တူမလုပ်သူက အိမ်ရှေ့မှာထိုင်စောင့်နေသည်။

စစ်သည့်အဖွဲ့ရောက်လာတော့ မီတာခမဆောင်ရသေးဆိုသဖြင့် အိမ်ကို မီးဖြတ်ဖို့ သူ့အဖွဲ့သားတွေကို ပြောရင်း နောက်တစ်အိမ် ကူးသွားသည်။ ထိုအခါမှ အိမ်တော်တော်များများ မီတာခသွား ဆောင်ကြသည်။ နှစ်အိမ်ကျော်မှ ဦးလေးကြီးကတော့ မီတာခ ဆောင်မည်လားမေးရာ မဆောင်ဘူး၊ မီးဖြတ်သွားဆိုပြီး ပြောသဖြင့် ဓာတ်တိုင်ပေါ်ချက်ချင်းတက်ဖြတ်သွားတာ မြင်လိုက်ရသည်။

မီးမလာတာအကြောင်းမဟုတ်သော်လည်း ရေအတွက်ကျ စိတ်ညစ် ရသည်။ မတတ်နိုင်။ မီတာခသာ သွားဆောင်ရတော့သည်။ မီတာရုံး မှာလူတွေ အများကြီးတန်းစီနေကြသည်။ တချို့က ဒီတိုင်းမီတာ လာဆောင်ကြခြင်းဖြစ်သည်။ ထိုသူများကို တိုကင်နှင့် တန်းစီပြီး အလှည့်ကျဆောင်စေရသည်။ ထိုသို့ဆောင်သောသူများက ကိုယ် ဆောင်ပြီးသည့်လမှ တစ်လ၊ နှစ်လစသဖြင့် ဖြတ်ဆောင်လို့ရသည်။

ကျမတို့လို မီးဖြတ်ထားလို့ မီတာခလာဆောင်ရသည့် သူများက ထိုလူတွေလို တန်းစီစရာ မလို။ သို့သော် လချန်ပြီးဆောင်လို့မရ။ အကုန်လုံးဆောင်ရသည်။ မီတာခများက ရှေ့ငါးလလောက်က ခန့်မှန်းပြီး တွက်ထားသည်ပုံဖြင့် အဆမတန်ကျနေသည်။ ထိုသို့ ပိုကောက်ထားကြောင်း ပြောတော့ ရုံးဖွင့်ချိန်မှ မီတာဘောက်ကို ဓာတ်ပုံရိုက်ပြီး မီတာဖတ်သူကို ပြောပြလို့ရကြောင်း၊ မှန်ကန်လျှင် ပိုကောက်ထားသော မီတာခများ ပြန်ပေးမည်ဆိုသဖြင့် အကုန် အကြေပေးဆောင်ခဲ့ရသည်။ နို့မို့ဆိုလျှင် ယနေ့ည မီးပြန်ရမှာ မဟုတ်။

ကျမတို့နည်းတူ မီတာခလာဆောင်သောသူတစ်ဦးလည်း ထိုသို့ တွက်ထား၍ထင်သည်။ မီတာခက (၁၀)သိန်းကျော်နေသည်။ သူ့ အိမ်လည်း ထိုသို့မီးဖြတ်သွား၍ထင်ပါသည်။ မီတာခဆောင်ရန် ငွေမရှိ၍ ဆွဲကြိုးလေးကိုရောင်းပြီး လာဆောင်ရသည်ဆို၍ စိတ် မကောင်းဖြစ်ရသည်။ ထိုသို့သောသူတွေ ဘယ်နှဦးရှိနေပြီလဲ။

ယခုနောက်ထပ် အမိန့်တစ်ခုထုတ်လာပြန်ပြီ။ ဖေ့ဘုတ်ကို VPN ခံသုံးလျှင် ထောင်သုံးနှစ်တဲ့။ ဒါတင်မကသေး။ တခြားဉပဒေများ လည်းပါသေးသည်။ တဖြည်းဖြည်းနှင့် မိမိတို့၏ အခွင့်အရေးများ တစတစ ချုပ်ကိုင်ခြင်းခံလာရပြီ။ အမြန်ဆုံး အဆုံးသတ်မှသာ လူကို လူလိုဆက်ဆံသော အစိုးရနှင့် လူနှင့်တူသော လူ့ဘဝကို ပြန်ရမှာ ဖြစ်သည်။

အမြန်ဆုံး ရချင်ပါပြီ။

@nweoomon
23-1-2022



0
0
0.000
12 comments
avatar

မန်းလေး ပြီးရင်တော့ ရန်ကုန် ရောက်လာပါလိမ့်မယ်... ရန်ကုန်က တိုက်ခန်းတွေဆိုတော့... ခုရန်ကုန်မှာ လည်း မီတာခ ဆောင်ဖို့ တန်းစီနေကြပါပြီ... ကမ္ဘာပျက်တော့ ဘာကို ချနင်း ကြတယ်ဆိုလားပဲ... ဒါပေသိ... အဓမ္မက ဓမ္မကို နိုင်ရိုးထုံးစံ မရှိပါဘူး။ သွားပိုးစားပြီးကိုက်နေတဲ့ သွားကို နှုတ်ပြစ်ရင် ကိုယ်က တပတ်လောက်တော့ အနာခံရမှာပဲလေ...

0
0
0.000
avatar

ရန်ကုန် စမ်းချောင်းမှာနေတဲ့ ကျနော့်ဆရာ့အိမ်တော့ အဲ့လိုစစ်လို့ မဆောင်ထားတော့ မီးဖြတ်သွားသတဲ့။ ဆောင်လိုက်သော် မီးပြန်ရသတဲ့။

0
0
0.000
avatar

အင်း ဒုက္ခတွေ အတော်ရောက်ကြရတယ်
စားကောင်းခြင်း၊ အိပ်ကောင်းခြင်း မရှိကြရတဲ့ဘဝ။

0
0
0.000
avatar

မီးမရရင်နေလို့ရတယ်
ရေမလာရင်တော့ အတော်လေးဒုက္ခရောက်တယ်ဗျာ

0
0
0.000
avatar

အဲ့ဒါကြောင့်ခက်နေတာ

0
0
0.000
avatar

အင်းလေ ဒီပုံအတိုင်းဆို ရွှေပြည်တော်မျော်တိုင်းဝေးပေမပေါ့။ SAD!

0
0
0.000
avatar

ဟုတ်ပါ့ရှင်

0
0
0.000
avatar

မတက်သာလို့ ​ဆောင်ကျရတာပ

0
0
0.000
avatar

မဆောင်ချင်ဘူးရယ်

0
0
0.000
avatar

Congratulations @nweoomon! You have completed the following achievement on the Hive blockchain and have been rewarded with new badge(s):

You have been a buzzy bee and published a post every day of the week.

You can view your badges on your board and compare yourself to others in the Ranking
If you no longer want to receive notifications, reply to this comment with the word STOP

Check out the last post from @hivebuzz:

Hive Power Up Month - Feedback from day 22
Support the HiveBuzz project. Vote for our proposal!
0
0
0.000