Sidereal zodiac sign

avatar

zodiac.png

မိတ်ဆွေများအနေဖြင့် လစဉ်ထုတ် မဂ္ဂဇင်းများကို မကြာခဏ ဖတ်လေ့ရှိသည် မဟုတ်ပါလား။ ထိုသို့ ဖတ်ရှုရာ၌ မဂ္ဂဇင်းစာမျက်နှာများပေါ်တွင် ဗေဒင်ဟောစာတမ်းများကိုလည်း မြင်တွေ့ရပါလိမ့်မည်။

များသောအားဖြင့် ဗေဒင်ဟောစာတမ်းများသည် တလစာအဖြစ် ရေးသားလေ့ရှိကြသည်။ တလစာဟောစာတမ်းများတွင် မည်သည့်ရာသီ၌ မွေးဖွားသူအတွက်ဟု ရည်ညွှန်း၍ ၁၂လ ရာသီဖွားများအတွက် ရေးသားကြပါသည်။

၁၂လရာသီကို မြန်မာဘာသာဖြင့် တန်ခူး၊ ကဆုန်၊ နယုန် စသဖြင့် ခေါ်ဆိုသုံးစွဲသော်လည်း ဗေဒင်ပညာရပ်တွင် မိဿ၊ ပြိဿ၊ မေထုန် ရာသီဖွားဟူ၍ သုံးစွဲကြသည်ကို မိတ်ဆွေတို့ သတိထားမိကြပါလိမ့်မည်။

တနှစ်ကာလတွင် နေမင်းသည် ကောင်းကင်၌ရှိသော နက္ခတ်ကြယ်စု ၁၂ ခုကို လှည့်လည်ဖြတ်ကျော်သွားခြင်း၊ ထိုနက္ခတ်များ တည်နေရာ နယ်နိမိတ်များကို ရာသီခွင်များအဖြစ် သတ်မှတ်ထားခဲ့ကြသည်။ ထို ၁၂ ရာသီခွင်ကို နေမင်းသာမက၊ အခြားဂြိုဟ်များလည်း လှည့်လည်ဖြတ်သန်းသွားလာကြသည်။

ရာသီခွင်တခုတွင် နက္ခတ်ကြယ်တစုရှိ၍ အဆိုပါ ရာသီခွင်တခုစီကို ရုပ်ပုံတခုစီဖြင့် ခွဲခြားသတ်မှတ်ထားသည်။ ရာသီခွင်တခုသည် ၃၀ ဒီဂရီ သတ်မှတ်ထားပြီး ၁၂ ရာသီအတွက် ၃၆၀ ဒီဂရီ စက်ဝန်းတပတ် ဖြစ်ပါသည်။ အဆိုပါ ၁၂ ရာသီခွင် အမည်များမှာ လက်တင် အမည်၊ ရှေးဂရိလူမျိုးတို့၏ အခေါ်အဝေါ်များမှ ဆင်းသက်လာခြင်း ဖြစ်သည်။

ရာသီဖွားဆိုသည်မှာ ပုံသေသတ်မှတ်ထားသော နှစ်တနှစ်၏ အချိန်ကာလ အစိတ်အပိုင်းတခုအတွင်းသို့ နေမင်းရောက်ရှိနေချိန်အတွင်း မွေးဖွားသူများကို ရည်ညွှန်းခြင်း ဖြစ်ပါသည်။ ဥပမာ - မိဿရာသီအတွင်း နေမင်းရောက်ရှိနေချိန်တွင် မွေးဖွားသူကို မိဿရာသီဖွားဟု သတ်မှတ်ပါသည်။

နက္ခတ်ဗေဒင်ပညာမှာ အနောက်တိုင်းနည်းစနစ် နှင့် အရှေ့တိုင်းနည်းစနစ်အဖြစ် ၂ မျိုးရှိသည်။ ဥရောပ၊ အမေရိက အနောက်တိုင်းနည်းစနစ်ကို (သာယနစနစ်) ဟု ခေါ်သည်။ အိန္ဒိယနှင့် အာရှ အရှေ့တိုင်းနည်းစနစ်ကိုတော့ (နိယာယနစနစ်) ဟုခေါ်ပါသည်။

ယနေ့တွင် အရှေ့တိုင်းနည်းစနစ် (နိယာယနစနစ်) အရ ၁၂ ရာသီဖွား သတ်မှတ်ပုံကို ရေးသားဖော်ပြပါမည်။

မိဿ (Aries ) သည် ပထမဆုံးရာသီဖြစ်သည်။
ဧပြီ (၁၅) မှ မေ (၁၄) ကြား မွေးဖွားသောသူများသည် မိဿရာသီဖွားများ ဖြစ်ကြသည်။

ပြိဿ (Taurus) သည် ဒုတိယရာသီဖြစ်သည်။
မေလ(၁၅)ရက်မှ ဇွန်လ(၁၄)ရက်အတွင်း မွေးဖွားသူများသည် ပြိဿရာသီဖွားများ ဖြစ်ကြသည်။

မေထုန် (Gemini) သည် တတိယရာသီဖြစ်သည်။
ဇွန်လ (၁၅) ရက်မှ ဇူလိုင်လ (၁၅) ရက်အတွင်းမွေးဖွားသူများသည် မေထုန်ရာသီဖွားများ ဖြစ်ကြသည်။

ကရကဋ် (Cancer) သည် စတုတ္ထရာသီခွင်ဖြစ်သည်။
ဇူလိုင်လ(၁၆)ရက်မှ ဩဂုတ်လ(၁၆)ရက်အတွင်း မွေးဖွားသူများသည် ကရကဋ်ရာသီဖွားများ ဖြစ်ကြသည်။

သိဟ် (Leo) သည် ပဉ္စမရာသီဖြစ်သည်။
ဩဂုတ်လ(၁၇)ရက်မှ စက်တင်ဘာလ(၁၅)ရက်အတွင်း မွေးဖွားသူများသည် သိဟ်ရာသီဖွားများ ဖြစ်ကြသည်။

ကန် (Virgo) သည် ဆဌမရာသီဖြစ်သည်။
စက်တင်ဘာလ(၁၆)ရက်မှ အောက်တိုဘာလ(၁၆)ရက်အတွင်း မွေးဖွားသူများသည် ကန်ရာသီဖွားများ ဖြစ်ကြသည်။

တူ (Libra) သည် သတ္တမမြောက်ရာသီဖြစ်သည်။
အောက်တိုဘာလ(၁၇)ရက်မှ နိုဝင်ဘာလ(၁၅)ရက်အတွင်း မွေးဖွားသူများသည် တူရာသီဖွားများ ဖြစ်ကြသည်။

ဗြိစ္ဆာ (Scorpio) သည် အဌမရာသီဖြစ်သည်။
နိုဝင်ဘာလ(၁၆)ရက်မှ ဒီဇင်ဘာလ(၁၄)ရက်အတွင်း မွေးဖွားသူများသည် ဗြိစ္ဆာရာသီဖွားများ ဖြစ်ကြသည်။

ဓနု (Sagittarius) သည် နဝမရာသီဖြစ်သည်။
ဒီဇင်ဘာလ(၁၅)ရက်မှ ဇန်နဝါရီလ(၁၃)ရက်အတွင်း မွေးဖွားသူများသည် ဓနုရာသီဖွားများ ဖြစ်ကြသည်။

မကာရ (Capricorn) သည် ဒဿမရာသီဖြစ်သည်။
ဇန်နဝါရီလ(၁၄)ရက်မှ ဖေဖော်ဝါရီလ(၁၃)ရက်အတွင်း မွေးဖွားသူများသည် မကာရရာသီဖွားများ ဖြစ်ကြသည်။

ကုံ (Aquarius) သည် ဧကဒဿမရာသီဖြစ်သည်။
ဖေဖော်ဝါရီလ(၁၄)ရက်မှ မတ်လ(၁၃)ရက်အတွင်း မွေးဖွားသူများသည် ကုံရာသီဖွားများ ဖြစ်ကြသည်။

မိန် (Pisces) သည် ဒွာဒဿမရာသီဖြစ်သည်။
မတ်လ (၁၄) ရက်မှ ဧပြီလ (၁၄) ရက်အတွင်း မွေးဖွားသူများသည် မိန်ရာသီဖွားများ ဖြစ်ကြသည်။

များသောအားဖြင့် တလစာဟောစာတမ်းများကို အနောက်တိုင်းနည်းစနစ်ဖြင့် ရေးသားကြပါသည်။ တချို့ကမူ အရှေ့တိုင်းနည်းစနစ်ဖြင့်လည်း ရေးသားကြသည်။ အချိန်ကာလ သတ်မှတ်မှု ကွဲပြားခြားနားခြင်းကြောင့် စာဖတ်သူများအနေဖြင့် မည်သည့်ရာသီဖွားဖြစ်သည်ကို ဝေခွဲမရ ဖြစ်လေ့ရှိပါသည်။

နောင်လာမည့်ပို့စ်တွင် အနောက်တိုင်းနည်းစနစ် (သာယနစနစ်) အရ ရာသီဖွား ၁၂ ခုအကြောင်းကို ရေးသားပါဦးမည်။ ရာသီဖွားများ၏ တသက်တာ မူလအဟောပိုင်းများသည် အနောက်တိုင်းနည်းစနစ်ဖြင့် ပို၍ ကိုက်ညီသည်ဟု သိရပါသည်။


မိတ်ဆွေအားလုံး ကိုယ်စိတ်နှစ်ဖြာ ချမ်းသာကြပါစေ။

@sayalu
24.01.2022



0
0
0.000
5 comments
avatar

ကျေးဇူးပါ အကိုရေ

0
0
0.000
avatar

ကျွန်တော်ကတော့ မေထုန်ဖွားပါ
မျက်နှာနှစ်ဖက်နဲ့မို့ စိတ်နှစ်ခွရှိတတ်တယ်ဆိုတာတော့ မှန်နေသလိုပါပဲ။

0
0
0.000
avatar

မဂ္ဂဇင်းဖတ်ရင် အရင်​ဆုံး ​ဗေဒင်စာမျက်နှာကို လှန်ဖတ်မိပါတယ်

0
0
0.000
avatar

me is မကာရ ရာသီဖွား
ရာသီဖွားဟောကိန်းလေး ဖတ်ချင်ပါတယ်

0
0
0.000
avatar
(Edited)

သာယာနစနစ်နဲ့ နိယာယနစနစ် ကွာခြားပုံကို သိလိုပါတယ်။ စိတ်ဝင်စားစရာ ကောင်းလို့ပါ။

0
0
0.000