Home Stay (Chapter 268)

avatar

FB_IMG_1599214068459.jpg

အာရုံစိုက်တာ များလို့ ထင်၏။ ဇက်ကြောတွေ တက်၊ ခေါင်းတွေ လေးလို့ နေ၏။ ၂ ရက်လောက် ရှိပြီ ဖြစ်၏။ စာလည်း မရိုက်နိုင်။ သို့နှင့် တရက်ကတောင် ပိုစ့် မတင်လိုက်ရပေ။ အမှန်တော့ အာရုံစိုက်များတာအပြင် အအိပ်ပျက်ခြင်းလည်း ပါ၏။ ညညဆို မနက် ၂ နာရီ ၃ နာရီ ထိုးမှ အိပ်ဖြစ်၏။ မနက်ကို ၁၀နာရီ ၁၀နာရီခွဲ လောက်မှ ထ၏။ တွက်ကြည့်ပြန်တော့လည်း အိပ်ချိန်ကညပြည့်နေ၏။ ဒါပေမယ့် အိပ်ချိန် စက်ဝန်း ခန္ဓာ ဗေဒ လှည့်ပတ်မှုကိုတော့ အနှောင့်အယှက် ဖြစ်စေ၏။

အမေကတော့ သတိပေးပါ၏၊ ပြောရှာပါ၏။ ဒါပေမယ့် နောက်တော့ အမေလည်း မပြောတော့ပေ။ ကျနော် အကျင့် မပြင်လို့တော့ မဟုတ် ပြင်သလို မပြင်လိုလိုနှင့် မလို့ မပြောတော့ခြင်းလည်း ဖြစ်မည်။ တခါတလေ သတိရရင်တော့ ထထပြီး ပြောလေ့ ရှိ၏။ အရင်လောက် မပြောတော့ပေ။ လုပ်စရာ အလုပ်ကလည်း မယ်မယ်ရရ မရှိလေရှာတော့ ငါ့သား နေချင်သလို နေပါစေ ဆိုပြီး လွှတ်ထားပေးလိုက်သည် ထင်၏။

why_homestay_available.png

ထို အကျင့်ကို ပြင်မယ် ပြင်မယ်နဲ့ နှစ်ဟောင်းကုန်လို့ နှစ်သစ်ပင် ရောက်နေပြီ ခုထိ မပြင်နိုင်သေးပေ။ စိတ်အလို လိုက်လွန်းနေ၏။ တခုခုဆို အချိန်ကို ဟိုရွှေ့ ဒီရွှေ့နှင့်။ ပြင်မှ ရမယ်ဆိုပြီး တွေးတွေးပြီး မလုပ်ဖြစ်သည့် အကျင့်ကို အရင် ပြင်ရမည်။

Phone, Computer, TV တခုနဲ့မှ မလွတ်ပေ။ မျက်စိ၊ အာရုံ အနား ရသည် မရှိပေ။ phone မကြည့်၊ ဂိမ်းမဆော့၊ အားသွင်းထားလျှင် computer နှိပ်၏။ computer ကလေးတွေကို ပေးနှိပ်ထား သည့်အခါကြပြန်တော့ TV ကြည့်၊ ဒါမှမဟုတ် phone ပြန် နှိပ်၏။ ဘယ်မှလည်း မသွားရတော့ တနေ့တနေ့ ဒါတွေနှင့်ပဲ လုံးခြာလည် လိုက်၊ သံသရာ လည်နေတော့၏။ ပြန်တွေးကြည့်လျှင် ကျနော့် မျက်စိလေး သနားဖို့ ကောင်း၏။ အနားမှ မရဘဲကိုး။ ထိုကဲ့သို့ တောက်လျောက် ဆက်တိုက်ကြီး ကြည့်နေ၊ သုံးနေလို့ ခုလို အာရုံကြောမှာ အနှောင့်အယှက် ဖြစ်ရပြီ မဟုတ်လား။

ဒီရက်ပိုင်းတော့ နည်းနည်း ပြန် ဆင်ခြင်မှ ရမည်။ မပြင်လျှင် အုံးလွဲ လက်ပြင်ကြော ကျတာတွေ နောက်ဆက်တွဲ အနေနှင့် လိုက်လာနိုင်၏။ ကျန်းမာနေဖို့ အရေးကြီး၏။ ကျန်းမာနေမှ လုပ်စရာရှိသည့် လုက်ငန်း တာဝန်များ လုပ်ဆောင် နိုင်ပေလိမ့်မည်။ တန်ဆေး လွန်ဘေး ဆိုသည့် အတိုင်း လူကို ထိခိုက်မှု ဖြစ်စေမည့် အာရုံစိုက်ခြင်း (screen time များခြင်း) ကိုလည်း တော်သင့်ရုံသာ လုပ်သင့်ပေ၏။ ပြင်မယ် ပြင်မယ် မဟုတ်တော့ဘဲ တကယ် ပြင်မှ ရတော့မည်။

Don Jaun



0
0
0.000
1 comments
avatar

မျက်စိတော့ အနားလေးပေးပါအုံးလေး ဇွဲနဲ့ဆိုတော့ အချိန်ကုန်မှန်မသိဘူးရယ်။

0
0
0.000